TNLA ရဲ့တားမြစ်မိန့်ကြောင့် လက်ဖက်လုပ်ငန်းရှင်တွေအခက်တွေ့

RFA Burmese
2023.03.21
TNLA ရဲ့တားမြစ်မိန့်ကြောင့် လက်ဖက်လုပ်ငန်းရှင်တွေအခက်တွေ့ လက်ဖက်ရွက်ကြမ်းနှင့် ရောနှောသည့် ကျီးပေါင်းရွက်များကို TNLA တပ်ဖွဲ့က မတ်လ ၉ရက်နေ့တွင် မီးရှို့ဖျက်ဆီးနေစဉ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ဒေသအပါဝင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) ထိန်းချုပ်နယ်မြေမှာ အခုနှစ် မတ်လဆန်းပိုင်းကစပြီး ကျီးပေါင်းရွက်ရောနှောထားတဲ့ လက်ဖက်ရွက်ကြမ်း အရောင်းအဝယ်မလုပ်ဖို့ TNLA က တားမြစ်လိုက်ပါတယ်။

လက်ဖက်အရည်အသွေးနဲ့ လက်ဖက်ဈေးနှုန်း ထိန်းညှိဖို့၊ လက်ဖက်ရဲ့ မူရင်းအရသာ မပျောက်ဖို့ ဆိုပြီး TNLA အုပ်ချုပ်ရေးဌာနက မတ်လ ၄ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့တာပါ။

နှစ်စဉ် ဧပြီလနဲ့မေလဟာ လက်ဖက်အရည်အသွေးကောင်းတဲ့ ရွှေဖီလက်ဖက် ပေါ်တဲ့ရာသီဖြစ်ပြီး ဈေးကွက်မှာ တစ်ပိဿာကို ၅,၅၀၀ ကျပ်အထိ ဈေးကောင်းရလေ့ ရှိပါတယ်။

TNLA-Greentea leaves (4).jpg
Photo: RFA

လက်ဖက်ကိုင်းတွေကိုခုတ်ပြီး နေလှန်းအခြောက်ခံထားတဲ့ အရွက်ကြမ်းတွေနဲ့ လက်ဖက်ပင်တွေမှာမှီပြီးပေါက်တဲ့ ကျီးပေါင်းရွက် ရောနှောထားတဲ့ လက်ဖက်ရွက်ကြမ်းကတော့ တစ်ပိဿာကို ကျပ်တစ်ထောင်ကနေ နှစ်ထောင်အထိ ရှိနေပါတယ်။

လုပ်သားရှားပါးတဲ့အတွက် အလျင်မီအောင်မခူးနိုင်တဲ့ လက်ဖက်ခြံရှင်တွေအနေနဲ့ ဆောင်းတွင်းမှာ လက်ဖက်ပင်တွေကို ပြန်ခုတ်ပြီး လက်ဖက်ရွက်ကြမ်း ပြန်လုပ်ကြတာပါ။ အဲဒီအရွက်တွေကို အချိုခြောက်နဲ့ လက်ဖက်ခြောက် ထုတ်လုပ်ရာမှာ ပြန်သုံးတာကြောင့် အရည်အသွေးကောင်းတဲ့ လက်ဖက်တွေကို ထိခိုက်စေတာ၊ လက်ဖက်ဈေးနှုန်းကျဆင်းစေတဲ့အတွက် TNLA က တားမြစ်တာ ဖြစ်နိုင်တယ်လို့ လက်ဖက်ကုန်သည်တချို့က ပြောပါတယ်။

TNLA-Greentea leaves (2).jpg
Photo: RFA

ကုန်သည်တွေနဲ့ ဒေသခံတောင်သူတွေ လက်ထဲမှာ လက်ကျန် လက်ဖက်ရွက်ကြမ်းတွေ အများအပြား ကျန်နေတာကြောင့် အဲဒီရွက်ကြမ်းတွေကုန်တဲ့အထိ အချိန်စောင့်ပေးစေချင်တယ်လို့ လက်ဖက်ရွက်ကြမ်းကနေ အချိုခြောက်ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“အခက်အခဲတော့ အများကြီးဖြစ်ကုန်တာပေါ့။ လက်ဖက်ကြမ်းရိုက်တဲ့သူရော အချိုခြောက်ကြိတ်တဲ့သူတွေပါ ခက်ခဲကုန်တာပေါ့၊ လက်ဖက်ရာသီက ဆောင်းတွင်းမှာကုန်တာ။ ကျနော်တို့ လက်ဖက်အကြမ်းသမားတွေကျတော့ ဆောင်းတွင်းလက်ဖက်ကုန်ချိန်မှာ လုပ်ငန်းစရတာဆိုတော့ အလုပ်မရှိ ဖြစ်ကုန်မှာပေါ့၊ ဖြစ်နိုင်ရင် ဖြေလျှော့ပေးစေချင်တာပေါ့။ ကာလတစ်ခုအနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့”

ဒီကိစ္စအတွက် TNLA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး တာပန်လကို RFA က အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။