ပလောင်တပ်နဲ့ တိုက်ပွဲဖြစ် စစ်ကြောင်းမှူးနဲ့ ၄ ဦး ကျဆုံး
2014.01.26

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေဟာ မနေ့မနက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရဖက်က စစ်ကြောင်းမှူး အပါအဝင် ၅ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
TNLA တပ်ရင်း ၂၅၆ က တပ်ဖွဲ့ဝင်တွေဟာ၊ နမ့်ဆန်မြို့နယ် ၆ မိုင်ခန့်အကွာ ဟိုလရွာအနီးမှာ အစိုးရဖက်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနချူပ် စကခ ၁ လက်အောက်ခံ ခမရ တပ်ရင်း ( ၅၀၆ ) က စစ်ကြောင်းနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ PSLF အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောပါတယ်။
"နမ့်ဆန်မြို့နဲ့ ၅ မိုင် ၆ မိုင်လောက်အကွာလောက်မှာ ဖြစ်ကြတာပါ၊ အနောက်ကင်းရွာ အနောက်ဖက်ထဲမှာ သွားလာလှုပ်ရှားရင်းဖြစ်တာပါ၊ ၅၀၆ စစ်ကြောင်းက ပန်စရီရွာကနေပြီးတော့ နမ့်ဆန် အနောက်ဖက်ခြမ်းဖက် တက်လာတယ်၊ ကျနော်တို့ကလည်း အဲ့ဒီ တောင်ကုန်းထိပ်မှာ ဟိုလရွာကနေ ဆင်းလာတယ်၊ အဲ့ဒီမှာ စစ်ကြောင်း ခါးတစ်ဝက်လောက်နဲ့ ကျနော်တို့လူနဲ့ ခါးတစ်ဝက်လောက်နဲ့ သွားတွေ့ကြတာပေါ့၊ တိုက်ပွဲကတော့ မကြာပါဘူး၊ နှစ်ဖက်ကျဆုံးမှုက စစ်ကြောင်းမှူးက အဲဒီ့မှာ တခါတည်းကျသွားတယ်၊ နောက်ကလိုက်တဲ့ လေးယောက်လည်းကျတယ်"
ဒီတိုက်ပွဲမှာ အစိုးရဖက်ကစစ်ကြောင်းကို ဦးဆောင်လာတဲ့ ခမရ ၅၀၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးဇော်လတ် ကျဆုံးခဲ့တယ်လို့ ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ဆက်ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကွတ်ခိုင်မြို့နယ်အခြေစိုက် အစိုးရစစ်ဗျူဟာရုံးကို ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျအရာရှိက မသိရှိကြောင်းသာ ပြောပါတယ်။
TNLA တပ်ရင်း ၂၅၆ က တပ်ဖွဲ့ဝင်တွေဟာ ရှမ်းပြည်မြောက်ပိုင်းက မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲဒေသတွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံကိန်းအတွက် ဘိန်းခြံတွေကို လိုက်လံဖျက်ဆီးနေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ဗျူဟာ ၂ ရဲ့ လုံခြုံရေးတပ်ဖွဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ PSLF က ဒု ဗိုလ်မှူးကြီး တာ့ဘုန်းကျော် ခေါင်းဆောင်တဲ့အဖွဲ့တို့ ပထမဆုံးအကြိမ် မူဆယ်မြို့မှာ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ထပ်မံတွေ့ဆုံမဆွေးနွေးနိုင်ပဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။