TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲကြောင့် ဒေသခံ ၃ ဦးသေ
2016.12.27

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာမှာ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ညောင်မောင်းကျေးရွာက ဒေသခံ သုံးယောက် သေဆုံးပြီး သံဃာ ၃ပါး နဲ့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က ပြောပါတယ်။
"လူသုံးယောက်သေတယ်။ အဲဒါက ကျွန်တော်ကြားတာက မိသားစုတစ်ခုထဲက သေတဲ့ပုံစံမျိုးဖြစ်နေ တယ်။ အဲဒီသုံးယောက်ကလေ။ လက်နက်ကြီး ကျတဲ့ပုံစံပေါ့။ အိမ်လည်း တော်တော်ပျက်စီးသွားတယ်။ ဒဏ်ရာရတဲ့လူက ၆ ယောက်ပေါ့။ အခုလောလောဆယ် ရောက်နေတာ။ နောက်တောင်ပေါ်မှာက ဒဏ်ရာအနည်းအကျဉ်းရပြီး သယ်မလာတာ ကိုရင်နှစ်ပါး ရှိသေးတယ်လို့ ပြောတယ်။"
သေဆုံးသွားသူ ၃ ယောက်စလုံးဟာ အမျိုးသားတွေဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ သံဃာ ၃ ပါးဖြစ်ပါတယ်။
ဒဏ်ရာရသူတွေထဲက သံဃာ ၁ ပါးနဲ့ ဒေသခံ ၅ ယောက်ဟာ အခုအချိန်မှာ ကျောက်မဲမြို့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေပြီဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာအနီးတဝိုက်မှာတော့ နှစ်ဘက်တပ်တွေ အင်အား ထပ်ဖြည့်နေကြပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်ချေရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က ပြောပါတယ်။
ညောင်မောင်းရွာက ဒေသခံတွေဟာ တိုက်ပွဲထပ်မံဖြစ်ပွားမှာကို စိုးရိမ်ထိတ်လန့်နေကြပြီး ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် NCA မှာလည်း လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။