ဇွန်လ ပထမသုံးပတ်အတွင်း တပ်မတော်နဲ့ TNLA တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့
2019.06.21
တပ်မတော်က ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီး အပစ်ရပ်ကာလ သက်တမ်းတိုးထားခဲ့တဲ့အတွက် ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားတာ နည်းပါးနေခဲ့ရာကနေ အခု ဇွန်လအတွင်း တိုက်ပွဲတွေ ပြန်ဖြစ် လာတာ ၁၁ ကြိမ်ရှိခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မနေ့က TNLA တပ်မဟာ ၅ နယ်မြေဖြစ်တဲ့ ကွတ်ခိုင်မြို့နယ်၊ မန်အောင်( စုစည်း) ကျေးရွာအနီးမှာ အစိုးရ တပ်မတော် ခလရ – ၄၅ တပ်ရင်းနဲ့ ကောင်းခါးပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက် တာကြောင့် TNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီလအတွင်း TNLA နဲ့ အစိုးရတို့ တိုက်ပွဲတွေဖြစ်နေတာ မှန်ကန်ကြောင်း၊ နယ်မြေတိုးချဲ့တာနဲ့ ဆက်ကြေးကောက်ခံတဲ့ ကိစ္စတွေရှိလို့ တိုက်ပွဲတွေဖြစ်တာလို့ ပြောပါတယ်။
တပ်မတော်ရဲ့ ပြောဆိုချက်အပေါ် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
အခုလအတွင်း ကွတ်ခိုင်၊ မန်တုံ၊ နမ့်ခမ်းနဲ့ နမ့်ဆန်မြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ TNLA တို့ကြား တိုက်ပွဲတွေဖြစ်နေတာပါ။
အစိုးရတပ်မတော်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ အခုဇွန်လကုန်အထိ ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်းဒေသကြီး ၅ ခုတို့ မှာ အပစ်ရပ်ထားတာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။