လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာဖို့ TNLA သတိပေး

RFA Burmese
2025.01.26
လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာဖို့ TNLA သတိပေး ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဆေးရုံ လေကြောင်းမှ တိုက်ခိုက်ခံရအပြီး အပျက်အစီးမြင်ကွင်း။
Photo: PSLF/TNLA

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ပြည်သူတွေရဲ့နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းအန္တရာယ်ကိုလည်း သတိရှိရှိနေကြဖို့ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

TNLA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်က နောင်ချိုမြို့ ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ရှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေက စစ်ရေးအရှိန်မြှင့်မှာကြောင့် တိုက်ပွဲတွေအတွင်း ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေကို အထူးလိုက်နာကြဖို့လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဇန်နဝါရီလ ၁၂ ရက်နေ့က သတိပေး ပြောကြားထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဆေးရုံကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သူနာပြုဆရာမအပါအဝင် သုံးဦးသေဆုံးပြီး ပြည်သူနှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။