နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင်နဲ့ လူငယ်တစ်ဦး အဖမ်းခံရ

2021.07.18
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင်နဲ့ လူငယ်တစ်ဦး အဖမ်းခံရ လှိုင်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုအောင်မင်းဦးတို့ကို ၂၀၂၁ ဇူလိုင် ၁၈ ရက်နေ့က တွေ့ရစဉ်
-

နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုတင်ထွဋ်ပိုင်နဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုအောင်မင်းဦးတို့ကို ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ လက်နက်နဲ့အတူ စစ်ကောင်စီက ဖမ်းလိုက်တယ်လို့ မနေ့ညက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကိုတင်ထွဋ်ပိုင်ရဲ့မိသားစုတွေနေတဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က နေအိမ်ကို မနေ့က ဇူလိုင်လ ၁၈ ရက် ညနေ ၅ နာရီခွဲလောက်မှာ စစ်တပ်နဲ့ ရဲ ၁၀ ယောက်လောက် ရုတ်တရက် ဝင်ရောက်ရှာဖွေပြီး အိမ်မှာရှိတဲ့လူတွေကို စစ်ဆေးမေးမြန်းသလို၊ တစ်အိမ်လုံးကိုလည်း မွှေနှောက်ရှာဖွေ သွားတဲ့အတွက် ကိုတင်ထွဋ်ပိုင်ကို ဖမ်းမိတာ ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ မိသားစုဝင် တစ်ယောက်က RFA ကိုပြောပါတယ်။

သူတို့နှစ်ယောက် အဖမ်းခံထားရတယ်ဆိုတဲ့ ဓါတ်ပုံကို စိုးမိုးနောင်ဆိုတဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တင်ထားတာတွေ့ရပြီး အဲဒီနာမည်နဲ့ အကောင့်ပိုင်ရှင်ကိုတော့ ကိုတင်ထွဋ်ပိုင်ရဲ့ မိသားစုဝင်က မသိဘူးလို့ပြောပါတယ်။ အဲဒီ စိုးမိုးနိုင်နာမည်နဲ့ ရေးတင်ထားတဲ့ အထဲမှာတော့ အသက် ၃၁ နှစ် အရွယ် ကိုတင်ထွဋ်ပိုင်နဲ့ အသက် ၂၁ နှစ်အရွယ်ကိုအောင်မင်းဦးတို့ကို ရန်ကုန်တိုင်း လှိုင်မြို့နယ် သဇင်မြိုင်လမ်း အိမ်အမှနတ် ၅၂-အေ မှာ ပစ္စတိုတစ်လက်အပါအဝင် ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖမ်းမိတယ်လို့ ဆိုပေမယ့် ဘယ်နေ့ဘယ်ရက်က ဖမ်းမိတာလည်း၊ လက်ရှိ ဘယ်မှာချုပ်ထားလည်းဆိုတာ ဖော်ပြမထားပါဘူး။

အဲဒီစာမျက်နှာမှာ တင်ထားတဲ့ဓာတ်ပုံမှာ ကိုတင်ထွဋ်ပိုင်ရော ကိုအောင်မင်းဦးရော ရိုက်နှက်ခံထားရလို့ ဖူးယောင်နေတာတွေ့ရပြီး ကိုတင်ထွဋ်ပိုင်ရဲ့ အခုရက်ပိုင်း ခန္ဓာကိုယ်အရွယ်အစား ဟုတ်မှန်တယ်လို့ သူ့မိသားစုဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့မေလ ၂ ရက်နေ့က ကိုတင်ထွဋ်ပိုင်ကို ဝင်ရှာတဲ့အချိန်မှာ သူ့ကို တွေ့မသွားတဲ့အတွက် သူ့ရဲ့ မိခင် ဒေါ်မိငယ်ကို စစ်ကောင်စီက ဖမ်းသွားပြီး မေလ ၂၈ ရက်နေ့မှာ ထောင် သုံးနှစ် ချလိုက်ပါတယ်။ ကိုတင်ထွဋ်ပိုင်ရဲ့ မိခင်ဟာ အရင် စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်ကလည်း ထောင်ချခံရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပါတယ်။

ကိုတင်ထွဋ်ပိုင်ကလည်း ၂၀၀၉ ခုနှစ်၊ အသက် ၁၈ နှစ် မပြည့်ခင်ကတည်းက စစ်အစိုးရရဲ့ နှိပ်စက်ညှဉ်းပမ်းခံရပြီး ထောင်ချခံရဖူးသလို၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း တရုတ်နဲ့စစ်တပ်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန့်ကျင်မှု၊ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ထောင်အကြိမ်ကြိမ် ချခံရဖူးသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။