သူရဦးရွှေမန်းကို ကိုယ်စားလှယ် အဖြစ်ကနေ ဖြုတ်ချဖို့ တိုင်တန်း ထားကြောင်း အတည်ပြုပြော


2015.08.18
shwemann-620.jpg ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မိမိအား လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ တိုင်တန်းထားတာရှိကြောင်း၊ လာမယ့် သြဂုတ်လ ၂၀ ရက် နေ့နောက်ဆုံးထားပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြန်လည် တင်ပြဖို့ ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စား လှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပေး ဖို့ ပြည်ထောင်စုလွှတ်တော်နယကထံ သဝဏ်လွှာပေးဖို့ထားတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ အခုလို တိုက်တွန်းပြောဆို ခဲ့တာဖြစ်ပါတယ်။

"လက်ရှိအခြေအနေမှာ ကျနော် ပြည်ထောင်စုလွှတ်တော်နာယက တာဝန် အလှည့်ကျ ထမ်းဆောင်နေတဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌကိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဌာန်းချက်ကို အသုံးပြုပြီးတိုင်တန်းထားကြောင်း သိရှိရပါတယ်၊ ဒါကြောင့်ဒီအစည်းအဝေးအပြီးမှာ ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ လွှတ်တော် အတွင်းရှိ နိုင်ငံရေးပါတီ အသီးသီး က တွေ့ဆုံဆွေးနွေးပါ၊ ဆွေးနွေးညှိနှိုင်းမှုက ရရှိတဲ့အခြေအနေကို ဥပဒေပြဌာန်းနိုင်ရေး အတွက်သာ စိစစ်လေ့လာ သည့် ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့အစီရင်ခံစာကို ၂၀ ရက် ၈ လ ၂၀၁၅ ကြာသပတေးနေ့ထက်နောက်မကျစေ ဘဲ လွှတ်တော်သို့ ထပ်မံတင်သွင်းပြီး ကျင်းပဆဲ လွှတ်တော်အစည်းအဝေးမှာ ဒီဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးပြောကြား လိုပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ ( ခ ) မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် မဲဆန္ဒရှင်ပြည်သူ တစ်ရာခိုင်နှုန်း က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းလိုကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ တိုင်တန်းနိုင်တယ်လို့ ပြဌာန်းပါရှိပါတယ်။

ဒါပေမယ့်လက်ရှိမှာ ဥပဒေမပြဌာန်းနိုင်သေးတဲ့အတွက် တိုင်တန်းထားတာတွေကို အရေးယူနိုင်ခြင်း မရှိပါဘူး။

လက်ရှိဥပဒေကြမ်းမှာ ကိုယ်စားလှယ်တစ်ဦးကို ၁% မဲဆန္ဒရှင်တွေရဲ့ သဘောထားနဲ့ ဖြုတ်ချနိုင်တယ်လို့ ပါနေတဲ့ အတွက်လွှတ်တော်ကိုယ်စားလှယ်တွေကို အလွယ်တကူ ဖြုတ်ချခွင့်ပေးထားသလို ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီက အဲဒီဥပဒေကြမ်းကို လက်မခံကြောင်းပြောထားပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဖြုတ်ချပေးဖို့ တိုင်တန်းခံထားရသူ တွေထဲမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တချို့လည်းပါနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။