ထုတ်ပယ်ခံရတဲ့ကိစ္စ သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်


2016.04.27
shwemann-press-apr27-620.jpg နေပြည်တော်မှာ ဧပြီလ ၂၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း မီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းစဉ်
Photo: Myo Thant Khaing/RFA

သူရဦးရွှေမန်း အပါအဝင် ပါတီဝင် ၁၇ ဦးကို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကနေ ထုတ်ပယ်လိုက်တာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံကနေသာ ဆုံးဖြတ်ပေးရမှာဖြစ်ကြောင်း သူရဦးရွှေမန်း က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ကို ထုတ်ပယ်လိုက်တဲ့ကိစ္စအပေါ် ဘယ်လိုဆက်လုပ်သွားမလဲလို့ သတင်းထောက် က မေးရာမှာ သူရဦးရွှေမန်းက အခုလို ဖြေပါတယ်။

"ပြောရမယ်ဆိုရင် ပါတီများရဲ့ ဦးစားပေး အခွင့်အာဏာပိုင်စိုးမှုဟာ နံပါတ်တစ်က ပါတီညီလာခံ အပေါ်မှာ ရှိတယ်၊ အဲ့ဒီအောက်မှာ ဗဟိုကော်မတီရှိတယ်၊ ပါတီ ဗဟိုကော်မတီက ရွေးလိုက်တဲ့အခါမှာ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ရှိတယ်၊ CEC၊ အဲ့ဒီကမှ ထပ်ရွေးလိုက်တဲ့အခါမှာ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး များဖြစ်တယ်၊ ဒါကြောင့် ဒီကိစ္စကိုကတော့ ပါတီညီလာခံက ဆုံးဖြတ်ပေးရမယ့်ကိစ္စဖြစ်တယ်၊ အဲ့ဒီနည်းတူပဲ ပါတီညီလာခံ မခေါ်နိုင်သေးဘူးဆိုရင် ပထမအကြိမ် ပါတီညီလာခံက ရွေးချယ်ထားတဲ့ ဗဟိုကော်မတီများရဲ့ အဆုံးအဖြတ်က အရေးကြီးပါတယ်၊ ဆုံးဖြတ်ချက်အပေါ်မူတည်ပြီးမှ ပေါ်ပေါက်လာတဲ့ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကနေ ထုတ်ပယ်လိုက် သူတွေထဲမှာ သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တွေထဲက ၁၀ ဦး ပါရှိတယ်လို့ သိရပါတယ်။

ထုတ်ပယ်ခံရသူ ကော်မရှင်အဖွဲ့ဝင်တွေက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၂ရက်နေ့ညက ပါတီဌာနချုပ်ကို သိမ်းပိုက်ရှာဖွေခဲ့သလို ပါတီဗဟိုကော်မတီက ရွေးချယ် ထားတဲ့ ခေါင်းဆောင်တွေကို ဖယ်ရှားခဲ့ပြီး ရက်ပိုင်းအတွင်း ပါတီဝင်ဖြစ်လာသူတွေနဲ့ သာမန်ပါတီဝင်တွေကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေအဖြစ် တိုက်ရိုက်ခန့်အပ်တာဟာ တည်ဆဲဥပဒေနဲ့ ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို အလွယ်တကူ သိမြင်နိုင်မှာဖြစ်ကြောင်း ပြောထားပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေဟာ ပါတီ အကျိုးစီးပွားနဲ့ နိုင်ငံတော် အကျိုးစီးပွားယှဉ်လာရင် နိုင်ငံတော် အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း အဲ့ဒီအချက်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းထဲမှာ ပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါတီကနေ ထုတ်ပယ်မခံရတဲ့ ကော်မရှင်အဖွဲ့ဝင်တချို့လည်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။