ကြံ့-ဖွံ့ခေါင်းဆောင် တချို့အပြုအမူ သုံးသပ်ဖို့လိုမယ်လို့ ဦးရွှေမန်းပြော


2016.04.25
shwemann-620.jpg ဧပြီလ ၂၅ ရက်နေ့ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဥက္ကဌ သူရဦးရွှေမန်း ကို တွေ့ရစဉ်
Photo: Thura U Shwe Mann Facebook

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်ဆိုသူတချို့ရဲ့ ပြုမူလုပ်ဆောင်မှုတွေဟာ တည်ဆဲ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ညီညွတ်မှု ရှိ မရှိကို သုံးသပ်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဝင် ၁၇ ဦးကို ပါတီကနေ အနားပေးလိုက်တာနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက သဘောထားထုတ်ပြန်လိုက်ပါတယ်။

သူရဦးရွှေမန်းက သူ့ကို ပါတီကနေ အနားပေးလိုက်တယ်ဆိုတဲ့ အကြောင်းကြားစာကို လက်ခံရရှိပြီးဖြစ်ကြောင်းနဲ့ ထုတ်ပယ်ခံရသူတွေထဲမှာ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် အများစု ပါဝင်ကြောင်း သူ့ရဲ့ဖေ့ဘွတ်စ်မှာ ရေးသားထားပါတယ်။

အဲဒီလိုလုပ်ဆောင်ခဲ့တဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ ဆောင်ရွက်မှုတွေကို တည်ဆဲ စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ ညီညွတ်မှု ရှိ၊ မရှိကို ပါတီဝင်တွေ၊ ပြည်သူတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ က သုံးသပ်ဆုံးဖြတ်ပေးဖို့ လိုအပ်ကြောင်း အဲဒီကိစ္စဟာ ပါတီတွင်းကိစ္စဖြစ်ပေမယ့် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းနဲ့ သက်ရောက်မှုတစ်စုံတရာ ရှိလာနိုင်တယ်လို့ ယူဆကြောင်း ပါရှိပါတယ်။

သူရဦးရွှေမန်းဟာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌအဖြစ် ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၂ရက်နေ့အထိ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် သူရဦးရွှေမန်း၊ ဦးဇော်မြင့်ဖေ၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း စတဲ့ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ရုံးချုပ်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပပြီး အဲဒီအစည်းအဝေးကို ပါတီဥက္ကဌဖြစ်တဲ့ သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။