သူရဦးရွှေမန်း ဦးဆောင် တဲ့ ကော်မရှင်ကို ကန့်ကွက်မယ် ဆိုတာ မှန်မယ်မထင်
2016.03.20

သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်ရေး ကော်မရှင်"ကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်မယ်လို့ ထွက် ပေါ်နေတဲ့ သတင်းဟာ မှန်ကန်မယ်မထင်ဘူးလို့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
အဲဒီသတင်းထွက်ပေါ်နေတာကြားသိကြောင်းနဲ့ ကော်မရှင်ကိုကန့်ကွက်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် မှာ မေးခွန်းတွေ သို့မဟုတ် အဆိုတင်သွင်းရမှာဖြစ်တယ်လို့ အဲဒီကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က ပြော ပါတယ်။
"အဲ့လိုသတင်းထွက်တာတော့ရှိတယ်၊ ဒါပေမယ့်သူရဲ့လမ်းကြောင်းက ကျနော်တို့ ကော်မရှင်ရဲ့ ရပ်တည်မှု နဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့အဆင့်အတန်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာ၊ ကန့်ကွက်တာလုပ်မယ် ဆိုရင် ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကဖွဲ့စည်းထားတဲ့ ကော်မရှင်ဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော် နာယကဆီကို တပ်မတော်သားကိုယ်စားလှယ်တွေကနေပြီးတော့ မေးခွန်းမေးမြန်းလိုသော် လည်းကောင်း၊ အဆိုတင်သွင်းဖို့သော်လည်းကောင်း လုပ်ရမယ့်ကိစ္စ၊ တစ်ကယ် ဟုတ်မဟုတ်တော့ မသိဘူး၊ သတင်းထွက်လာတာ ကျနော်လည်းကြားပါတယ်"
အဲဒီကော်မရှင်ဟာ လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို ခေတ်စနစ်နဲ့ ညီမညီ ဆိုတာတွေကို လေ့လာဆန်း စစ်ပြီး လွှတ်တော်ကို အကြံပြုရမယ့် အဖွဲ့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က အဲဒီကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးနဲ့ အငြိမ်းစား ဦးဆောင်ညွှန် ကြားရေးမှူးအဆင့်ရှိသူတွေ၊ အငြိမ်းစားသံအမတ်တွေ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်ကြပါတယ်။
သူရဦးရွှေမန်းဟာ ကော်မရှင်ဥက္ကဌအဖြစ် လစာငွေမယူဘဲ တာဝန်ထမ်းဆောင် သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ ပါတယ်။
ဒီ သတင်းနဲ့ ပတ်သက်ပြီး ကော်မရှင် ဒုတိယ ဥက္ကဌ ဦးကိုကိုနိုင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေး မြန်းထားတာ နားဆင်နိုင်ပါတယ်။