လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲ
2018.08.16

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မကြာခင်က ဖွဲ့စည်းလိုက်တဲ့လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော်မှာ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စုံစမ်းဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင် လေးဦးပါ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်မှာ ဥက္ကဌအဖြစ် ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မင်နာလို၊ အဖွဲ့ဝင်တွေအဖြစ် ကုလသမဂ္ဂဆိုင်ရာ ဂျပန် သံအမတ်ဟောင်း ကင်ဇို အိုရှီးမား၊ ရှေ့နေ ဦးမြသိန်းနဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်ကြပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်မှာ ဥက္ကဋ္ဌ ရိုဆာရီယို မင်နာလို က အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ထွက်ဆိုကြမယ့် သက်သေတွေ အပေါ် အနှောင့်အယှက်ပေးတာ၊ ခြိမ်းခြောက်တာတွေ မခံရစေဘဲ အကာ အကွယ်ပေးမှာ ဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့ပါတယ်။
အဲဒီ ကော်မရှင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တနာရီလောက် တွေ့ဆုံခဲ့ကြ ပါတယ်။ ဆွေးနွေးခဲ့တဲ့ကိစ္စ အသေးစိတ်ကိုတော့မထုတ်ပြန်ခဲ့ပါဘူး။
ရခိုင်ပြဿနာအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုလျော့ပါးသွားအောင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး၊ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုတွေ ပြန်စခွင့်ပေးဖို့ ဂျပန်အစိုးရက မြန်မာကို အဆိုပြုခဲ့တာပါ။ ဒါပေမဲ့ ဂျပန်အစိုးရအနေနဲ့ကတော့ ကော်မရှင်ဖွဲ့စည်းရာမှာ တိုက်ရိုက် ပတ်သက်ပုံမရပါဘူးလို့ နစ်ကေးအေးရှား ရီဗြူး သတင်းက ဆိုပါတယ်။။ ကော်မရှင်မှာ ကုလသမဂ္ဂဆိုင်ရာ ဂျပန် သံအမတ်ဟောင်း ကင်ဇိုအိုရှီးမားကို ခန့်ထား လိုက်တာဟာ မြန်မာအစိုးရအနေနဲ့ ဂျပန်အပေါ် မျှော်လင့်ချက်ကြီးကြီးထားတဲ့ သဘောလို့လည်း သတင်းက ဆိုပါတယ်။ မူလက ကော်မရှင်မှာ နိုင်ငံခြားသားတဦးသာ ပါဝင်ဖို့ဖြစ်ပေမဲ့ နောက်ပိုင်းမှာနှစ်ဦး ဖြစ်သွား ခဲ့ပါတယ်။ အဓိက အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်နေတဲ့ကြားက ထည့်သွင်းဖွဲ့စည်း ခဲ့တာပါ။
လေ့လာသူတွေကတော့ ကော်မရှင်အနေနဲ့ စစ်တပ်ရဲ့ အကူအညီမရရင် စုံစမ်းစစ်ဆေးမှုတွေမှာ အခက်အခဲ အတားအဆီးတွေနဲ့ ကြုံတွေ့ရဖို့ရှိတယ်လို့ သတိပေးကြပါတယ်။ အနောက်တိုင်း လူ့အခွင့်အရေးအဖွဲ့တွေ ကလည်း ကော်မရှင်အနေနဲ့ ဘယ်လောက်ထိ ဘက်မလိုက်ဘဲ ဆောင်ရွက်နိုင်မလဲ မေးခွန်းထုတ် ကြပါတယ်။ မြန်မာအစိုးရကတော့ ဂျပန်ဟာ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို အဓိက မြှင့်တင်ပေးနိုင်မယ် လို့ မျှော်လင့်ထား ပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုနေကြတဲ့ Facebook လူမှုကွန်ရက်က ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ဘာသာလူမျိုး ဆိုင်ရာ အမုန်းစကားတွေကို တားဆီးတိုက်ဖျက်နေပေမဲ့၊ လုပ်ငန်း နှေးကွေးနေတယ် လို့ ပြောလိုက်ပါတယ်။
Facebook အနေနဲ့ မြန်မာတွေကို ငှားရမ်း၊ ပြဿနာဖြစ်မယ့် အကြောင်းအရာတွေကို ထောက်လှမ်း ရှာဖွေဖို့ နည်းပညာတွေ ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ အလုပ်မတွင်ကျယ်သေးဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။