အစွန်းရောက် ဘာသာရေး အဖွဲ့တွေ ထောက်ပံ့ငွေ ကျပ်သန်း ၅၀၀၀ ခန့်ရှိ
2017.05.24

အစွန်းရောက်ဘာသာရေးအဖွဲ့တွေကို လှုပ်ရှားနိုင်အောင် ထောက်ပံ့တဲ့ငွေဟာ ကျပ်သန်းငါးထောင်ခန့်ရှိတယ် ဆိုပြီး သတင်းရထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီကနေ့ နေပြည်တော် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂ မှာ ကျင်းပတဲ့ ၂၁ ပင်လုံ အစည်းအဝေး မစတင်မီမှာ သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းခဲ့ပေမယ့် ဘဏ်တွေဘက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း ဝန်ကြီးက ပြောပါတယ်။
"၂ဝ၁၆ ခုနှစ်ကရတဲ့သတင်းအရ အဲဒီဘာသာရေးအဖွဲ့အစည်းတွေကို လှုပ်ရှားနိုင်ဖို့ ထောက်ပံ့တဲ့ငွေ သန်း ၅ ထောင်ခန့်ရှိတယ်လို့ သတင်းတွေရပါတယ်၊ သတင်ပေးတဲ့ပုဂ္ဂိုလ်က ပေးပါတယ်၊ ပေးလို့လည်း ဘဏ်တွေကို ငွေစာရင်းတွေ တောင်းရခြင်းဖြစ်ပါတယ်၊ သို့သော်လည်း ဘဏ်တွေက အပြည့်အဝပူးပေါင်းဆောင်ရွက်မှု မပြုခဲ့လို့ ဒါတွေကို အတိအကျဖော်ထုတ်နိုင်ခြင်းမရှိပါဘူး၊ သိန်း ၃ထောင်ဆိုတာနဲ့ပဲ လက်ခံခဲ့ရပါတယ်၊ သိန်း ၃ထောင်မကပါဘူး"
အဲဒီဘာသာရေးအဖွဲ့အစည်းတွေကို ထောက်ပံ့တဲ့အဖွဲ့အစည်းဟာ ဘယ်အဖွဲ့အစည်းလဲဆိုတာ မပြောကြားပေမယ့် နောက်ကြောင်းပြန် လှည့်လိုသူတွေဖြစ် တယ်လို့ သူရဦးအောင်ကိုက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ဗဟိုဘဏ်ကတဆင့် မေးမြန်းတာမှာ ဘာသာရေးအဖွဲ့တွေက အမရာဘဏ်မှာ ကျပ်သိန်း သုံးထောင်အပ်နှံထားတယ်လို့ ဗဟိုဘဏ်က အကြောင်းပြန်တယ်လို့ သူရဦးအောင်ကိုက ပြောပါတယ်။
ဒါ့အပြင် မကြာခင်က နေပြည်တော်မှာ မျိုးချစ်အမည်ခံတွေက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး နှုတ်ထွက်ဖို့ ဆန္ဒပြတာမှာ ငွေကျပ်သိန်းထောင်နဲ့ချီ သုံးစွဲခဲ့တယ်လို့လည်း သူရဦးအောင်ကို ကပြောပါတယ်။