မဘသနဲ့ ဗုဒ္ဓဓမ္မ အဖွဲ့ဆိုင်းဘုတ်တွေ မဖြုတ်ဘဲ ဆက်လုပ်မယ်လို့ မဘသကြေညာချက်အပေါ် သာသနာရေးညွန်မှူး ပြော
2018.09.04

တိုင်းနဲ့ ပြည်နယ်အနှံ့မှာရှိတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)နဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အဖွဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်မချဘဲ အဖွဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားဖို့ မဘသ ဗဟိုက လမ်းညွှန်ချက် ထုတ်ပြန်ကြေညာတာနဲ့ ပတ်သက်လို့ သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
အဖွဲ့ဆိုင်းဘုတ်တွေကို ဖျက်သိမ်းဖို့ သတ်မှတ်ထားတဲ့ ၄၅ ရက်မပြည့်ခင်ရက်ပိုင်းအလို စက်တင်ဘာလ ၂ ရက်နေ့မှာ မဘသ ဗဟိုက ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနသဘောထားကို RFA က မေးမြန်းရာမှာ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက အခုလိုပြောကြားခဲ့တာပါ။
"ဒါကမဟန ဆရာတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ထဲမှာ ပါပြီးဖြစ်ပါတယ်၊ ဓမ္မစက်နဲ့ ဆောင်ရွက်ပြီး ဘာဆောင်ရွက်မယ်ဆိုတာ အဆင့်ဆင့်ဖော်ပြထားပြီးသားဖြစ်ပါတယ်၊ မဟနညွှန်ကြားချက် အတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးကို ကျင်းပခဲ့ရာမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းနဲ့ အဲဒီအဖွဲ့နာမည်ကို သုံးစွဲပြီး မည့်သည်အမှုကိစ္စမှ ဆောင်ရွက်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီအဖွဲ့ရဲ့ အသင်းဆိုင်းဘုတ်တွေကို တစ်လခွဲအတွင်း ဖျက်သိမ်းပေးဖို့နဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ရဟန်းဖြစ်ပါက သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့ အရေးယူမှာဖြစ်သလို လူပုဂ္ဂိုလ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
မဘသ (ဗဟို ) က အသိပေးထုတ်ပြန်ထားတဲ့စာမှာ မဘသအဖွဲ့နဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့တို့ဟာ သံဃအဖွဲ့အစည်းဆိုင်ရာဥပဒေ၊ နိုင်ငံတော်တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းမှုမရှိတာကြောင့် အရင်အတိုင်း အဖွဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
မဘသ အဖွဲ့ဟာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည်ပြောင်းပြီး ၂၀၁၇ ခုနှစ်အတွင်းက ဖွဲစည်းခဲ့တာဖြစ်ပြီး မဘသ အဖွဲ့ရဲ့ ဆိုင်းဘုတ်တွေကိုလည်း ၂၀၁၇ ဇူလိုင်လ ၁၅ ရက်မှာ အပြီးဖြုတ်သိမ်းဖို့ မဟန က ညွှန်ကြားခဲ့တာတွေရှိခဲ့ပါတယ်။