သံဃမဟာနာယကအဖွဲ့ သမိုင်းတရားခံဖြစ်မယ်လို့ မဘသပြော
2019.07.29

မဟနဆရာတော်တွေအနေနဲ့ သာသနာဖျက်လိုသူ အာဏာရှင် တစ်စုရဲ့ ဖိအားပေးတာကို ဆောင်ရွက်မယ်ဆိုရင် သမိုင်းတရားခံ ဖြစ်သွားနိုင်ကြောင်း မဘသအဖွဲ့ဖြစ်တဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဗဟို ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ဦးတိလောက မိန့်ကြားလိုက်ပါတယ်။
နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့က အင်းစိန်ရွာမ ဆရာတော် ဦးတိလောကနဲ့ မော်ကျွန်း ဆရာတော် ဦးသီလက္ခ္ခန္နာ ဘိဝံသတို့ကို နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူဆုံးမသြဝါဒပေးဖို့ ကြွရောက်ခိုင်းရာမှာ ဆရာတော် ဦးတိလောကက ကိုယ်တိုင်ကြွရောက်ခြင်းမရှိဘဲ အကြောင်းပြန်စာပေးပို့ရာမှာ ထည့်သွင်း မိန့်ကြားလိုက်တာဖြစ်ပါတယ်။
ဆုံးမသြဝါဒပေးဖို့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ကုန်းမြေ မဟာနာယက ကျောင်းတော်ကို ဒီနေ့ဖိတ်ကြားထားတာဖြစ်ပြီး ဆရာတော် ဦးသီလက္ခန္နာ တစ်ပါးတည်း တက်ရောက်ခဲ့ပြီး ဆရာတော် ဦးတိလောကက အကြောင်းပြန်စာသာ ပေးပို့ခဲ့တာကြောင့် အခမ်းအနား ပျက်သွားခဲ့ပါတယ်။
ဆရာတော် နှစ်ပါးလုံး မစုံတာကြောင့် မဟန အဖွဲ့ခွဲဆရာတော်တွေနဲ့သာ တွေ့ဆုံခဲ့ကြောင်း ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသောပါက က RFA ကို မိန့်ကြားပါတယ်။
ဒီနေ့ဆုံးမသြဝါဒခံယူပွဲ အခမ်းအနားကို အမျိုးသားရေး လှုပ်ရှားနေသူ ၅၀ ကျော်လောက် လာရောက် ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆရာတော် နှစ်ပါးကို ဖမ်းဖို့အထိ စီစဉ်နေတယ်ဆိုတာမျိုးတွေကို ကြားသိရကြောင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်က ပြောပါတယ်။
အင်းစိန်ရွာမ ဆရာတော် ပေးပို့အကြောင်းပြန်ကြားစာကို နိုင်ငံတော်သံဃမဟာနာယက အပါအဝင် နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးတွေကို လိပ်မူပြီး ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သာသနာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဆက်ဆောင်ရွက်သွားမလဲဆိုတာကို တိတိကျကျ ပြောဆိုခြင်းမရှိတဲ့အပြင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကျောင်းရှေ့မှာ သတင်းယူနေတဲ့ သတင်းမီဒီယာတွေကိုလည်း ထွက်သွားဖို့ သာသနာရေး ဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)