မဘသ ဦးဆောင်ဆရာတော်တွေ နုတ်ထွက်ပြီ


2019.08.07
Utilawka-622.jpg ၂ဝ၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့က ကျင်းပသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း နှစ်ပတ်လည်ညီလာခံတွင် တွေ့ရသော မဘသဦးဆောင်ဆရာတော် ဦးတိလောက။
Photo: RFA

ရန်ကုန်တိုင်း အင်းစိန်ရွာမကျောင်းတိုက်မှာ ရှိတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း- မဘသ ဆိုင်းဘုတ်တွေကို သြဂုတ်လ ၆ ရက်နေ့ညပိုင်းက ဖြုတ်ချလိုက်ပြီး၊ အဖွဲ့ဦးဆောင်ဆရာတော်တွေလည်း နုတ်ထွက်လိုက်ကြပြီလို့ သိရပါတယ်။

ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆရာတော် ဦးတိလောက နေရာကို ကရင်ပြည်နယ် ဇွဲကပင်ဆရာတော် ဦးကဝိကို လွှဲပြောင်းပေးလိုက်ပြီး၊ ဒုဥက္ကဋ္ဌ  ဆရာတော် ဦးသီလက္ခန် နေရာကို မော်လမြိုင် မြစေတီကျောင်းတိုက် ဆရာတော် ဦးဝိမလ၊ အတွင်းရေးမှူးနေရာကို ပန်းတနော် မြတောင်ကျောင်းတိုက်ဆရာတော် ဦးကုမာရက တာဝန်ယူလိုက်တယ်လို့  အကြမ်းဖျင်းသိထားကြောင်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက RFA ကို မိန့်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဆရာတော် ဦးတိလောက အပါအဝင် မဘသ ဆရာတော်တွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မဘသ ခေါ် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဟာ တရားမဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့အတွက် ဒီအဖွဲ့အမည်ကို အသုံးပြုပြီး ဘယ်အမှုကိစ္စ မျိုးကိုမှ  မဆောင်ရွက်ဖို့၊  နိုင်ငံတဝှမ်းမှာ စိုက်ထူထားတဲ့ မဘသ ဆိုင်းဘုတ်တွေကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဇူလိုင်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့တာပါ။ မလိုက်နာတဲ့ ရဟန်းပုဂ္ဂိုလ်တွေကို သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂ဝ/၉ဝ နဲ့ အရေးယူဖို့၊ လူပုဂ္ဂိုလ်ဖြစ်ရင် သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့  ပြည်ထဲရေးဝန်ကြီးဌာနက အရေးယူဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဆရာတော် ဦးတိလောက အနေနဲ့  ဆိုင်းဘုတ်မဖြုတ်ရင် ထောင်သွင်းအကျဉ်းကျ ခံရနိုင်တာမို့  အသက်သိက္ခာ၊ ကျန်းမာရေးအရ  သံဃာတော်တွေက စိုးရိမ်တဲ့အတွက် နုတ်ထွက်လိုက်တာ ဖြစ်နိုင်တယ်လို့ ဦးပါမောက္ခက မိန့်ပါတယ်။  ဒ့ါပြင် ဆရာတော် ဦးတိလောက အနေနဲ့ သံဃမဟာ နာယကအဖွဲ့နဲ့ရော၊ အစိုးရနဲ့ပါ အခုလိုပြဿနာတွေ မဖြစ်ချင်ဘဲ အေးအေးဆေးဆေး နေချင်တဲ့သဘော ရှိတယ်လို့ သိထားကြောင်းလည်း ဦးပါမောက္ခက မိန့်ပါတယ်။

မဘသအဖွဲ့မှာ အဓိကတာဝန်ရှိတဲ့  ဦးဆောင်ဆရာတော် ဦးတိလောကနဲ့ ဦးသီလက္ခန်တို့ကို ဓမ္မစက် ဆောင်ရွက်ရမယ့် အခန်းကဏ္ဍ ပြီးဆုံးသွားပြီလို့ ဇူလိုင်လ ၃ဝ ရက်နေ့မှာ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး တစ်ပတ်အကြာမှာပဲ မဘသအဖွဲ့ ဦးဆောင်ဆရာတော်တွေ အခုလို နုတ်ထွက်သွားကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။