ဗုဒ္ဓ ဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ ဘယ်လိုဆက်ရပ်တည်မလဲ


2019.08.02
buddha-dama-parahita-foundation-622.jpg ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည်စုံညီတွေ့ဆုံပွဲကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: RFA

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီးကို တရားမဝင် အသင်းအဖြစ်နဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နဲ့ သာသနာရေးဦးစီးဌာနတို့က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ဆုံးဖြတ် လိုက်ပါတယ်။

၁၉၉၀ ပြည့်နှစ်ကတည်းက ပြဌာန်းခဲ့တဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က သာသနာတော်နဲ့ စပ်လျဉ်းတဲ့ သံဃာ့အဖွဲ့အစည်းနဲ့ဆိုင်ရာတွေကိုသာ လုပ်ဆောင်နိုင်ခွင့်ရှိပြီး သံဃနာယကအဖွဲ့ ကြီးကြပ်မှုကို မခံယူတဲ့ အဖွ့ဲအစည်းမဖြစ်ရလို့ သံဃာ့ဥပဒေမှာ ပါရှိပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က နိုင်ငံတော်သံဃာ့မဟာနာယက ၄၇ ပါး စုံညီအစည်းအဝေးခေါ်ယူပြီး အမျိုးဘာသာသာ သနာစောင့်ရှောင်ရေး ဗုဒ္ဒဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကဘိဝံသနဲ့ ဒု-ဥက္ကဌ ဦးသီလက္ခန္ဓာဘိဝံသ ဆရာတော်တို့ကို နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူဆုံးမသြဝါဒပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒု-ဥက္ကဋ္ဌ ဆရာတော်ဖြစ်တဲ့ ဦးသီလက္ခန္ဓာဘိဝံသသာ ကြွရောက်ခဲ့ပြီး ဦးတိလောက ဆရာတော်ကတော့ ကြွရောက်ခြင်းမရှိဘဲ စာနဲ့သာရေးသားပေးပို့ခဲ့တာကို နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့က လက်ခံခြင်းမပြုခဲ့သလို အဲဒီဖောင်ဒေးရှင်းအဖွဲ့ကြီးကိုလည်း တရားမဝင်အဖွဲ့အစည်းအဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။

သာသနာတော်ကြီးတည်တံ့ဖို့အတွက် သံဃာတော်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို လေးစားလိုက်နာ သင့်တယ်လို့ ပြင်ဦးလွင်မြို့ အာရှအလင်းရောင်ဆရာတော် ဘဒန္တစိန္တိက အခုလို မိန့်ကြားပါတယ်။

"သံဃာ့နာယကအချင်းချင်း လုပ်ထုံးလုပ်နည်းအတိုင်း လေးစားလိုက်နာခြင်းအားဖြင့် သံဃာ့မဟာနာယ ကကတော့ သူ့ကိုအပ်နှင်းထားတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းသာလျှင်ဖြစ်တာကြောင့် သံဃာ့ မဟာနာယကက သမိုင်းတရားခံတော့ ဖြစ်စရာမရှိပါဘူး၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဆရာတော် သံဃာတော် အရှင်သူမြတ်များဘုရား ဘုရားတပည့်တော်တို့ရဲ့ သာသနာတော်မြတ်ကြီးကို ဝိုင်းဝန်းပြီး ထိန်းသိမ်းစောင့်ရှောက် ရမှာ တပည့်တော်တို့ရဲ့တာဝန်ဖြစ်လို့ ဘုရားတပည့်တော်တို့အနေဖြင့် နိုင်ငံရေး အရှုပ်အထွေးထဲ ဘယ်မှမပါပဲနဲ့ မားမားမတ်မတ်နဲ့ ဘုရားတပည့်တော်တို့ ကြားထဲကနေ ငြိမ်းချမ်းရေးတည်ဆောက်ပေးကြပါလို့ လျှောက်ထားချင် ပါတယ်ဘုရား"

ဒါ့အပြင် မြန်မာနိုင်ငံအနှံ့မှာ စိုက်ထူထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းဖို့နဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့ ရဟန်းပုဂ္ဂိုလ်တွေရော၊ လူပုဂ္ဂိုလ်တွေကိုပါ ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့လည်း အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်တွေကိုမလိုက်နာဘူးဆိုရင် သံဃာအဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀ ၊ လူပုဂ္ဂိုလ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ပါရှိပါတယ်။

အရေးယူမှုပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဆီ RFA က ဆက်သွယ်ခဲ့ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုလို ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးသောပါကကို RFA က ဇူလိုင်လ ၃၀ ရက်နေ့က ဆက်သွယ်မေးမြန်းထားရာမှာ "ပြောစရာဘာမှမရှိပါဘူး၊ ၂၀၁၈ ထဲကဆိုတော့ ၁ နှစ်တောင်ကျော်နေပြီ ဖြုတ်ဖို့တော့ မရှိပါဘူး၊ ဖြုတ်ချင်ရင် လာဖြုတ်လိုက်လေ" ဆိုပြီး မိန့်ကြားထားပါတယ်။

ဆရာတော်ကြီးတွေက ဓမ္မစက်နဲ့သြဝါဒပေးမှုတွေကို လိုက်နာကြဖို့ သံဃာအဖွဲ့အစည်းအတွင်း ညီညွတ်ရေးကို ရှေးရှုကြဖို့သင့်ကြောင်း ဘားအံမြို့က ဦးမင်းသုညလို့ အသိများတဲ့ ဆရာတော် ဦးက္ကသရိယက မိန့်ကြားပါတယ်။

"သံဃာ့မဟာနာယကက သူတို့အပေါ်မှာ အသက်အညှာဆုံးပါပဲ၊ အရင် မဘသတုန်းကလည်းပဲ တရားမဝင် အဖွဲ့အစည်းဖြစ်တယ်၊ ကြော်ငြာပြီးသားပါ အခုလည်း တရားမဝင်အဖွဲ့အစည်းဖြစ်တယ်ဆိုတာ ကြော်ငြာပြီး သားပါ၊ ရွာမ အင်းစိန်ဆရာတော် ဦးတိလောက ကိုယ်တိုင်ဖျက်သိမ်းကြောင်းမှာ လက်မှတ်ထိုးပေးခဲ့တာရှိပါတယ်၊ သံဃမဟာနာယကအဖွဲ့ ခေါ်ဆိုမှုအပေါ်မှာသွားပြီးတော့ ဆုံးမသြဝါဒ နာခံသင့်တယ်၊ ဒီလိုသာမလိုက်နာဘူး အာဏာဖီဆန်လို့ရရင် တစ်ခြားတစ်ခြားလည်း ဒီလိုပြဿနာတွေရှိလာတဲ့အခါမှာ ရှေးဆရာတော်တွေလည်း မသွားဘူး ငါတို့လည်းမသွားဘူးဆိုပြီး အာဏာဖီဆန်တာတွေ၊ ပုန်ကန်တာတွေ ဖြစ်လာတယ်ဆိုရင် သံဃာ မညီညွတ်ခြင်းရဲ့အကြောင်းကို ပိုပြီးတော့ ရှေးရှုပါတယ်၊ အရေးယူခံရတာ အပြစ်ပေးခံရတာတွေဖြစ်လာရင် မကောင်းဘူးပေါ့"

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဆိုတာ ဓမ္မနဲ့ နိုင်ငံတော်အာဏာနဲ့ ပေါင်းစပ်ထားတဲ့ အဖွ့ဲအစည်းဖြစ်တာမို့ ဓမ္မစက်နဲ့လုပ်ထုံးလုပ်နည်းတွေအရ မရတော့ဘူးဆိုရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနဖက်က အရေးယူလုပ်ဆောင် တာတွေဖြစ်လာနိုင်မယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောပါတယ်။

"ပြည်ထဲရေးကပဲ တာဝန်ယူရမှာ ဒီဟာတွေလုပ်နေတဲ့ဟာကို အရေးယူလိုက်လို့ ပြည်ထဲရေးက လွန်ဆန်တယ် ဆိုရင် သမ္မတက အာဏာရှိတယ်၊ ပြည်ထဲရေးက သမ္မတအောက်မှာလုပ်ရတာလေ၊ အဲဒီအမိန့်တွေပေါ်မှာ လိုက်နာရမှာပဲလေ၊ အဲဒီအမိန့်တွေ မလိုက်နာရင် ဒီတိုင်းပြည်ကပျက်ပြီပေါ့"

ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည်စုံညီတွေ့ဆုံပွဲကျင်းပပြီး လက်ရှိအစိုးရကို ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားပစ်ဖို့ ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေကို တိုက်တွန်းခဲ့ပါတယ်။

ရွေးကောက်ပွဲတွေမှာ သံဃာတော်တွေ မဲပေးခွင့်မရှိဖြစ်နေတာဟာ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေကြောင်းနဲ့ ဆန္ဒမဲမပေးကြဖို့လည်း ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေကို ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းခဲ့ပါတယ်။

သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းတွေအရ သာသနာနဲ့စပ်လျဉ်းတဲ့ သြဝါဒတွေကိုသာ ပေးခွင့်ရှိပြီး နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ သြဝါဒတွေပေးပိုင်ခွင့်မရှိဘူးလို့ ပြဌာန်းထားပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။