ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေ မဖြုတ်ချရေး ဆန္ဒပြ


2018.09.02
buddha-dama-hpa-an-622.jpg ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ် မဖြုတ်ချရေး ထောက်ခံပွဲကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ဘားအံမြို့မှာ ပြုလုပ်ခဲ့စဉ်
ဓာတ်ပုံ - ကိုတင်မောင်လှိုင်

တရားမဝင်အသင်းအဖြစ် ပိတ်ပင်ခံထားရတဲ့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ မဘသကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေကို မဖြုတ်ချရေး ဆန္ဒပြပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက (မဟန)က မြန်မာနိုင်ငံအနှံ့မှာစိုက်ထူထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင် ဆိုင်းဘုတ်တွေကို ၄၅ ရက်အတွင်း ဖြုတ်ချဖို့ ဇူလိုင်လ ၂၀ ရက်နေ့က ညွှန်ကြားခဲ့တာနဲ့ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆိုင်းဘုတ်တွေကို မဖြုတ်ချရေး ဆန္ဒပြထုတ်ဖော်တာလို့ ကရင်ပြည်နယ် မဘသ လူငယ်ကွန်ရက်ဦးဆောင်သူ ကိုတင်မောင်လှိုင်က ပြောပါတယ်။

ကရင်ပြည်နယ် အမှတ် ၃ ရပ်ကွက် မဲဘောင်ကျောင်းတိုက်မှာ နေ့လည် ၁၂ နာရီကနေ  ၃ နာရီခွဲထိ ပြုလုပ် တာဖြစ်ပြီး လူဦးရေ ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။ ဆန္ဒပြပွဲအပြီးမှာ သဘောထားကြေညာချက် ၅ ချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအထဲမှာ မဘသနဲ့ ဗုဒ္ဓ ဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေ မဖြုတ်ဘဲ ဆက်လက်ရပ်တည်ရေး ၊ အမျိုးဘာသာသာသနာ  ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ရေး၊  နိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာသူဘင်္ဂါလီတွေကို ဖော်ထုတ်အရေးယူပေးရေး အစိုးရကို တောင်းဆိုထားပါတယ်။

မဟန အဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးကို ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပခဲ့ပြီး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက်မှာ အသင်းဆိုင်းဘုတ်တွေကို တစ်လခွဲအတွင်း ဖျက်သိမ်းပေး ဖို့နဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ရဟန်းဖြစ်ပါက သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့ အရေးယူ မှာဖြစ်သလို လူပုဂ္ဂိုလ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။