သမိုင်းမှတ်တမ်းတွေ ရေးသားပြုစု ဖို့ လိုအပ်ကြောင်း ဝန်ကြီး သူရဦးအောင်ကို ပြော
2016.10.29

အရင်စစ်အစိုးရလက်ထက်က ပြုစုခဲ့တဲ့ မှတ်တမ်းတွေဟာ ပြီးပြည့်စုံတဲ့ သမိုင်းမှတ်တမ်းတွေမဟုတ်ဘဲ ဘုန်းတော်ဘွဲ့ မှတ်တမ်းတွေသာဖြစ်ကြောင်းနဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ လိုလားချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မှန်ကန်တဲ့ သမိုင်းမှတ်တမ်းကို ရေးသားဖို့လိုတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုက ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ အမျိုးသားစာကြည့်တိုက်မှာ သမိုင်းပညာရှင်တွေနဲ့ ဒီနေ့ တွေ့ဆုံစဉ်မှာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မှန်ကန်တဲ့ သမိုင်းကြောင်းကို ရေးသားပြုစုတာဟာ လက်စားချေလိုမူ အာဃာတနဲ့ လုပ်တာမဟုတ်ဘူးလို့ ပြောတာဖြစ်ပါတယ်။
"ပြီးခဲ့တဲ့ ရေးထားတဲ့ သမိုင်းတွေက နိုင်ငံတော်ကို တည်ဆောက်ခဲ့တဲ့ တည်ဆောက်ပြုပြင်တဲ့ ခေတ်စကား နဲ့ ပြောရရင် ဘုန်းတော်ဘွဲ့မှတ်တမ်းများသာဖြစ်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်၊ ရာဇဝင်လည်း မကျပါဘူး၊ သမိုင်းလည်းမဟုတ်ပါဘူး၊ အဲဲဒီမှာ တိုင်းရင်းသားပြည်သူတွေရဲ့ ခံစားချက်များ လိုလားချက် များ၊ နောက်လူမှုစီးပွားရေးနဲ့ ပတ်သက်တဲ့ သမိုင်းမှတ်တမ်းမှတ်ရာများ မပါရှိပါဘူး၊ အထူးသဖြင့် တိုင်းရင်းသားပြည်သူတွေ လွတ်လပ်ရေး ရပြီးချိန်ကစပြီးတော့ တောက်လျှောက်တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအရေးစစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အကြောင်းအရာများလည်း မပါရှိခဲ့ပါဘူး"
ပြည့်စုံမှန်ကန်တဲ့ မြန်မာသမိုင်း ပြုစုရေးသား ထုတ်ဝေရေးအတွက် သမ္မတ ဦးထင်ကျော် အစိုးရလက်ထက် မှာ မြန်မာသမိုင်းအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
မြန်မာသမိုင်းကို ရေးသားပြုစုတဲ့အခါမှာ သမိုင်းပညာရှင်တွေက ဖြစ်ရပ်မှန်အတိုင်း ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရေးသားဖို့ လိုပြီး အဲဒီလို ရေးသားမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို တာဝန်ယူနိုင်တယ် လို့ ဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
ဒါ့အပြင် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို ရေးသားတဲ့အခါမှာ စတုတ္ထ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှေးမှိန်နေတဲ့ အခန်းကဏ္ဍကို မှန်ကန်စွာ ဖော်ထုတ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူခဲ့တာဟာ တိုင်းပြည် ချောက်ထဲကျဖို့ လက်တလုံး အလိုကြောင့်လို့ ရေးသားဖော်ပြခဲ့တာရှိကြောင်းနဲ့ တကယ်ပဲ တိုင်းပြည် ချောက်ထဲကျမယ့် အခြေအနေ ရှိခဲ့သလားဆိုတာ အမှန်အတိုင်းဖော်ထုတ်ဖို့လိုတယ်လို့ ဝန်ကြီး ကပြောပါတယ်။
အလားတူ ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရခဲ့ပေမယ့် တပ်မတော်က နိုင်ငံတော် လိုအပ်ချက်ကြောင့် ဆိုပြီး အာဏာသိမ်းခဲ့ကြောင်းနဲ့ နှစ်ပေါင်း ၂ဝ ကျော် စစ်အစိုးရက အုပ်ချုပ်ခဲ့တဲ့အတွက် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့သလို မြန်မာနိုင်ငံသား ၄ သန်းကျော်ဟာလည်း နိုင်ငံတကာကိုထွက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားနေရတဲ့ အခြေအနေမှန်တွေကို အမှန်အတိုင်း ရေးသားဖို့လိုတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်ရပ်မှန်တွေကို ရဲရဲဝံ့ဝံ့ ရေးဖို့တိုက်တွန်းရတာဟာ နောက်ထပ်အာဏာရှင်တွေ ပြန်ပေါ်မလာဖို့အတွက် သမိုင်းမှတ်တမ်းပြုစုဖို့ လိုအပ်တာကြောင့်ဖြစ်ပြီး ထက်မြက်တဲ့ သမိုင်းပညာရှင်တွေ ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်တယ်လို့ ဝန်ကြီး က ပြောပါတယ်။ အဲဒီ မြန်မာ သမိုင်းပြုစုရေးသားရာမှာ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခတ်၊ သမိုင်းမတင်မီခေတ်၊ ပဒေသရာဇ်ခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုခတ်၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ယနေ့ခေတ်ဆိုပြီး သက်ဆိုင်ရာ ခေတ်အလိုက် ကျွမ်းကျင်တဲ့ သမိုင်းပညာရှင်တွေက ဦးစီးရေးသားမှာဖြစ်ပါတယ်။