အစွန်းရောက်ဘာသာကြီးတစ်ခုဆိုတဲ့ ပြောဆိုချက် ပယ်ဖျက်ကြောင်း ထုတ်ပြန်


2018.12.12
mora-statement-622.jpg သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ၂၀၁၈၊ ဒီဇင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်
.

မြိုင်ကြီးငူဆရာတော်ရဲ့ ဈာပနမှာ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အစွန်းရောက်ဘာသာကြီးတစ်ခုဆိုတဲ့ လျှောက်တင်ချက်နဲ့ တခြား ပြောဆိုချက်တွေကို ပယ်ဖျက်ကြောင်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းပန်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကရင်ပြည်နယ်က မြိုင်ကြီးငူဆရာတော် ဈာပန အခမ်အနားမှာ သံဃာတော်တွေကို ဝန်ကြီး ဦးအောင်ကိုက လျှောက်တင်ရာမှာ အစွန်းရောက်ဘာသာကြီးတစ်ခုဆိုတဲ့ အသုံးအနှုန်းအပေါ် ကျေနပ်မှုမရှိတဲ့အတွက် သက်ဆိုင်ရာ ဘာသာဝင်တွေက ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

အဲဒီလို ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက ဝန်ကြီးကို မေးမြန်းခဲ့ရာမှာ တခြားဘာသာဆိုတာဟာ ပြည်တွင်းက မွတ်စလင်တွေကို မဟုတ်ဘဲ ဘင်္ဂလီတွေကို ပြောဆိုတာဖြစ်ကြောင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုရောက်နေတဲ့ ဒုက္ခသည်တွေက နယ်မြေတောင်းဆိုမှုတွေ ရှိလာပြီဖြစ်ကြောင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ စာရေးဆရာ ငြိမ်းချမ်းလုလင် ခေါ် ဒေါက်တာ မြင့်သိန်းက ထုတ်ပြန်ချက်မှာ ဝန်ကြီးဌာရဲ့ တံဆိပ်မပါဝင်သလို ရက်စွဲလည်း မပါဝင်ကြောင်း၊ ဒါ့အပြင် ထုတ်ပြန်ချက်ပါ အချက်တွေအပေါ် အားရကျေနပ်မှုမရှိကြောင်း RFA ကို ပြောပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကို အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ ထုတ်ပြန်ချက်ထဲကအတိုင်းဖြစ်ပြီး သီးခြားမှတ်ချက်ပေးဖို့ မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်က သမ္မတ အိမ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး သူရ ဦးအောင်ကိုရဲ့ ပြောကြားမှုတွေနဲ့ ပတ်သက်ပြီး အစိုးရ အကြီးအကဲတွေက ဝန်ကြီးကို ခေါ်ယူသတိပေးခဲ့တာတွေရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။