သူရဦးအောင်ကို ထောင်ဒဏ် ထက်ဝက် လွတ်ငြိမ်းသက်သာခွင့်ရ

2022.04.26
သူရဦးအောင်ကို ထောင်ဒဏ် ထက်ဝက် လွတ်ငြိမ်းသက်သာခွင့်ရ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား တွေ့ရစဉ်
Photo: RFA

ထောင်ဒဏ် ၁၂ နှစ် အမိန့်ချခံထားရတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင် ကိုရဲ့ ထောင်ဒဏ် ထက်ဝက်ကာလကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်နဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပါတယ်။

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ သူရဦးအောင်ကိုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ကျခံနေရတဲ့ပြစ်ဒဏ်ရဲ့ထက်ဝက်ကို လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ ဧပြီလ ၂၂ ရက် ရက်စွဲနဲ့ ကြေညာထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာပဲ အဖမ်းခံခဲ့ရတဲ့ သူရဦးအောင်ကို ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ၄ မှုနဲ့ စွပ်စွဲပြီး တစ်မှုကို ထောင်ဒဏ် သုံးနှစ်နှုန်းနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ချမှတ်ခဲ့တာပါ။

ဒီလိုအမိန့်ချခံရပြီး တစ်လအကြာမှာ ပြစ်ဒဏ်ကာလထက်ဝက်ကို လွတ်ငြိမ်းခွင့်ပေးခဲ့လို့ ထောင်ဒဏ် ခြောက်နှစ် ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။

သူရဦးအောင်ကိုဟာ သမ္မတ ဦးသိန်းစိန် လက်ထက်မှာလည်း သာသနာရေး ဒု-ဝန်ကြီး ဖြစ်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာလည်း သာသနာ ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

ဗိုလ်မှူးချုပ်ဟောင်းဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (USDP) မှာလည်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် USDP ပါတီ ဗဟိုကော်မတီကနေ ထုတ်ပယ်ခံခဲ့ရသလို ရွေးကောက်ပွဲအပြီး USDP ပါတီက နုတ်ထွက်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်ခဲ့ရာကနေ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်မှာ စစ်တပ်ထောက်ခံတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖျက်သိမ်းရာမှာလည်း သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို အဂတိလိုက်စားတယ်လို့ စွပ်စွဲဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။