ဝန်ကြီး သူရဦးအောင်ကိုကို အရေးယူပေးဖို့ တောင်းဆို


2018.11.30
thura-aungko-622.jpg သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်
Photo: RFA

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အစွန်းရောက် ဘာသာကြီး တစ်ခုက ဇနီး ၃ / ၄ ယောက်ယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်ဆိုပြီး ပြောဆိုခဲ့တဲ့စကားအသုံး အနှုန်းကြောင့် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ကြပြီး ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ဟာ မြိုင်ကြီးငူဆရာတော်ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို လျှောက်ထားရာမှာ "အစွန်းရောက် ဘာသာတရားတစ်ခု" လို့ ထည့်သွင်းသုံးနှုန်းခဲ့တာကို ကန့်ကွက်ကြတာဖြစ် ပါတယ်။

ပြည်ထောင်စုဝန်ကြီး ပြောကြားလိုက်တဲ့စကားလုံးဟာ အစ္စလာမ်ဘာသာအပေါ် အစွန်းရောက်ဆိုပြီး သုံးနှုန်းတယ် ဆိုတာ အမုန်းပွားစေလိုတဲ့ဆန္ဒနဲ့ သုံးနှုန်းတာဖြစ်လို့ ပြည်ထောင်စုအစိုးရအနေနဲ့ ဥပဒေကြောင်းပိုင်းဆိုင်ရာ အရေးယူပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ မြန်မာ၊ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေမှာရှိနေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burmese Muslim Association အထွေထွေအတွင်းရေးမှူး ဦးကျော်စွာက ပြောပါတယ်။

အစွန်းရောက် ဘာသာတရားတစ်ခုလို့ သုံးနှုန်းတာဟာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းတာမဟုတ်ဘဲ ဘာသာအသီးသီးရဲ့ ဘာသာရေးအယူအဆ ပြင်းထန်သူတွေကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့တာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အသိပေးရှင်းလင်းဖော်ပြပါတယ်လို့ဆိုပြီး ဒီကနေ့ ကြေညာချက်တစ် စောင်ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဝန်ကြီးတစ်ဦးက မီဒီယာတွေရှေ့မှောက်မှာ ကြောက်မက်ဖွယ်ရာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးရေးလှုံဆော်ခဲ့တာကို ပြင်းထန်စွာရှုတ်ချအရေးယူပေးဖို့၊ အရေးမယူပါက လက်ရှိအစိုးရအဖွဲ့ရဲ့ မူဝါဒအဖြစ် ကမ္ဘာသိအောင်ကြေညာမယ်လို့ဆိုပြီး မြန်မာ၊ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေရောက် Burmese Muslim Association ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစွန်းရောက် ဘာသာဝင်တွေကြောင့် လာမယ့်နှစ် ၃၀၊ ၄၀၊ ၅၀ အတွင်း မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာဝင်များ လူနည်းစုဖြစ်လာမည်မှာ သေချာကြောင်း ၄ ရာခိုင်နှုန်းသောလူနည်းစု အစ္စလာမ်ဘာသာဝင်တွေကို ၉၀ ရာခိုင်နှုန်း လူများစု ဗုဒ္ဒဘာသာဝင်တွေက စက်ဆုပ်မုန်းတီးကြောက်ရွံ့လာအောင် လူသိရှင်ကြား လီစယ်လှုံဆော်ပြောကြား ခဲ့တယ်လို့ဆိုပြီး ပြည်ထောင်စုဝန်ကြီးအပေါ် အဲဒီအသင်းက ထပ်မံစွပ်စွဲရေးသားထားပါတယ်။

Burmese Muslim Association ရဲ့ အထွေအထွေအတွင်းရေးမှူး ဦးကျော်စွာက ကြေညာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

"ဗုဒ္ဓဘာသာဟာ လူအများစုကိုးကွယ်တဲ့ ဘာသာဖြစ်တယ် ဟိန္ဒူ၊ အစ္စလာမ် ၊ ခရစ်ယာန်ဘာသာတွေဟာလည်း တိုင်းပြည်က အသိအမှတ်ပြုထားတဲ့ ဘာသာကြီးတွေဖြစ်တယ်၊ ဒီဘာသာတွေနဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်မယ်ဆိုပြီးတော့ အခြေခံဥပဒေမှာ ပြောထားတယ်။ ဘယ်ဘာသာကိုပဲဖြစ်ဖြစ် အမုန်း စကားတွေဖန်တီးမယ်ဆိုရင် ဘာသာရေးကို စော်ကားရာရောက်တယ်ဆိုရင် ဥပဒေရှိပါတယ်။ သာသနာ ညှိုးနွမ်းစေမှုတို့ဘာတို့ ဗုဒ္စဘာသာကိုစော်ကားရင် သာသနာညှိုးနွမ်းစေမှုနဲ့ ညိစွန်းသလိုမျိုး ဒီတစ်ခြား ဘာသာတွေကို စော်ကားရင်လည်း ဥပဒေအရတန်းတူပဲလို့ ယူဆပါတယ်၊ ဒီဥစ္စာဟာ ဥပဒေကိုညိစွန်းပါတယ်။ ဥပဒေအရ ဒီဟာကိုအရေးယူပေးပါ ခေါ်ဆိုပြီးတော့ သူ့ကိုသတိပေးပါ၊ နောက်ဒါမျိုးမဖြစ်စေအောင် တာဝန်ယူပေးပါ၊ တာဝန်ခံခိုင်းပေးပါဆိုပြီးတော့ ပြောချင်တာပါ"

အလားတူပဲ ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ကလည်း ပြည်ထောင်စုဝန်ကြီးက အစွန်းရောက် ဘာသာကြီး တစ်ခုလို့ ပြောဆိုတာဟာ မတူညီတဲ့ဘာသာတွေအကြား အမုန်းပွားစေနိုင်တာကြောင့် ပြန်လည်ရှင်းလင်းပေးဖို့ တောင်းဆိုတယ်လို့ အဲဒီအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းအောင်က RFA ကို မနေ့က ပြော ကြားခဲ့ပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှုး ဦးအောင်ဆန်းဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်တယ်လို့သာ ဖြေကြားခဲ့ပါတယ်။

"ကျနော်တို့ ၁ နာရီထိုးလောက်က ကြေညာချက်လေးတစ်စောင် ထုတ်ထားပါတယ်၊ ကျနော်တို့ ဝက်ဘ်ဆိုက်မှာ ကြည့်ကြည့်လိုက်ပါနော်၊ အဲဒီထဲက သတင်းထုတ်ပြန်ထားတဲ့အတိုင်းပါပဲခင်ဗျာနော်"

ဘာသာရေးကို အခြေခံတဲ့လူမှုရေး ပဋိပက္ခမဖြစ်အောင်၊ အခြားဘာသာတွေကိုလည်း ပစ်ပယ်ဖို့မဟုတ်ကြောင်း အစွန်းရောက်ဘာသာတရားတစ်ခုလို့ သုံးနှုန်းတာဟာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းတာမဟုတ်ဘဲ ဘာသာအသီးသီးရဲ့ ဘာသာရေးအယူအဆ ပြင်းထန်သူတွေကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့တာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အသိပေးရှင်းလင်း ဖော်ပြပါတယ်လို့ဆိုပြီး ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက အစ္စလာမ်သာသနာကို အစွန်းရောက်သာသနာအဖြစ် ရည်ညွှန်းကာ ထည့်သွင်းပြောကြား ခဲ့တာမျိုးရှိခဲ့လို့ အမှုမမြောက်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကမျှ သာသနာရေး ဝန်ကြီးကို အရေးယူပေး စရာမလိုအပ်ကြောင်း မန္တလေးမြို့ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီ ဆရာတော် ဘဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူကလည်း ဝီရသူ သဘောထားလို့ဆိုပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ရှေးယခင်ကတည်းက မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့လူမျိုး၊ ဘာသာဝင်တွေ ချစ်ကြည်ရင်းနှီးပြီး ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြတဲ့အတွက် လူမျိုးအကြား၊ ဘာသာဝင်များအကြား နားလည်မှုလွဲမှားစေပြီး ပဋိပက္ခအသွင်ဆောင်တဲ့ အမုန်းစကားတွေ မဖြစ်ပေါ်စေရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က အထူးကြိုးပမ်းဆောင် ရွက်နေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့ထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။