ရွာငံမြို့နယ် နွားဘန်းကြီးရွာမှာ မိသားစုဝင်သုံးဦး ဖမ်းဆီးခံရ
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာအုပ်စု မြောက်ရပ်ကွက်မှာနေထိုင်တဲ့ မိသားစုဝင်သုံး ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၂၆ ရက်နေ့ ဒီမနက်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ရွာငံမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီလူတွေက ဖိုးဝီးကား သုံးစီးနဲ့လာပြီး ဖမ်းသွားတာဗျ။ အဖမ်းခံရသူတွေက ယာလုပ်ငန်းလုပ်ကြတာ။ မနက် ခြောက်နာရီလောက်ပဲ ရှိသေးတယ်။ သားအမိ၊သားအဖ သုံးယောက်လုံးကို ခေါ်သွားတာ”လို့ ရွာငံမြို့ခံက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဦးခင်မောင်ရွှေ၊ ဇနီး ဒေါ်ငွေနှင်းနဲ့ သား ကိုမိုးထက် တို့ဖြစ်ပြီး၊ ဖမ်းဆီးသွားတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ သူတို့ကို ရွာငံမြို့ပေါ်က ရဲစခန်းကို ခေါ်သွားတယ်လို့လည်း ရွာငံမြို့ခံက ပြောပါတယ်။ သူတို့ကိုဖမ်းဆီးပြီးနောက်ပိုင်း နေအိမ်က မီးစက်အပါအဝင် ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့ မနေ့မနက်ပိုင်းမှာလည်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာက အသက် ၄ဝ အရွယ် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့ပြီး၊ အိမ်ကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွားဘန်းကြီးရွာမှာ စစ်ကောင်စီကနေ ဖမ်းဆီးသူပေါင်း ၂၅ ဦးဝန်းကျင်ရှိနေပြီး မီးရှို့ခံရတဲ့အိမ်ပေါင်း ရှစ်လုံးအထိ ရှိတယ်လို့ ဆိုပါတယ်။ သတင်းပေးလို့ စွပ်စွဲခံရပြီး စစ်ကောင်စီက သတ်ဖြတ်ခဲ့သူပေါင်း သုံးလအတွင်း ကိုးဦးအထိ ရှိတယ်လို့ ဒေသခံတချို့က ပြောပေမဲ့ RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။
ဒီကိစ္စအတွက် စစ်ကောင်စီပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။