ရွာငံမှာ နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုရှိပြီး ဒေသခံအချို့ အဖမ်းခံရ

2022.04.11
ရွာငံမှာ နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုရှိပြီး ဒေသခံအချို့ အဖမ်းခံရ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာရှိ နေအိမ်တစ်လုံးကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် တွေ့ရစဥ်
Photo: Citizen Journalist
ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးရွာမှာ ဧပြီလ ၁၀ ရက် မနေ့က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သုံးလသားအရွယ် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သားရှစ်ဦးကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာငံမြို့ခံတစ်ဦးက ပြောပါတယ်။
 
“နှစ်လုံးထီ လောင်းကစားကိစ္စ ငွေမရလို့ဆိုပြီး တိုင်တာ။ တိုင်တဲ့သူက PDF ထောက်ပံ့တယ်ဆိုပြီး တိုင်လိုက်တာ။ ညနေပိုင်းကျတော့ စစ်ကောင်စီတပ်သားတွေ အယောက်သုံးဆယ်လောက် ရောက်လာပြီး သေနတ်တွေ ဖောက်ပြီး အိမ်မှာရှိတဲ့ လူတွေအကုန်လုံး ဖမ်းသွားတာ။ အိမ်ဘေးက ညနေပိုင်း အလည်လာတဲ့သူတွေလည်း ပါသွားတယ်”
 
ရွာကျောင်းရဲ့ ဆရာတော်က မေတ္တာရပ်ခံတာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးလေးဦး ပြန်လွတ်လာပေမဲ့ အိမ်လည်လာတဲ့ ဆယ်တန်းကျောင်းသားတစ်ဦး အပါအဝင် အမျိုးသား လေးဦး ကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဧပြီလ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ကလည်း ရွာငံမြို့နယ် ပဲရင်းတောင် ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားတစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ ပါတယ်။
 
ဧပြီလ ၁၀ ရက်နေ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ရွာငံကနေ တောင်ကြီးကို ဆယ်တန်းစာမေးပွဲ မေးခွန်းတွေပို့ပြီး ပြန်လာတဲ့ ရွာငံမြို့နယ် ဒုမြို့နယ်ပညာရေးမှူးကားကို ရွာငံမြို့နယ်အဝင် ပဲရင်းတောင် ရွာအနီးမှာ PDF ၂၅ ဦးက ပစ်ခတ်လို့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တယ် လို့ ပါရှိပါတယ်။
 
တိုက်ပွဲအတွင်းမှာ မန္တလေး - တောင်ကြီး ခရီးသည်တင်ကားပေါ်ပါလာတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး နဲ့ ပညာရေးမှူးကားပေါ်ပါတဲ့ စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းလွင်မိုးရဲ့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
 
ရွာငံ မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရှမ်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ တို့ရဲ့ ဧပြီ ၉ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်မှာတော့ ရွာငံမြို့နယ် ပျူစောထီး ခေါင်းဆောင်နဲ့အဖွဲ့ကို ရှင်းလင်းဖို့ စောင့်ချိန်မှာ တောင်ကြီး- ရွာငံ - မန္တလေး ယာဉ်လိုင်း ကားပေါ်ပါလာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ တိုက်ပွဲဖြစ်တာကြောင့် စစ်ကောင်စီဘက်က လေးဦး သေဆုံးခဲ့တယ်လို့ ပါရှိပါတယ်။
 
ပဲရင်းတောင်၊ လွှစင်နဲ့ တောင်ပို့ကွဲရွာတွေဟာ တစ်ဆက်တည်းရှိတာဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့တာ မှန်ပေမဲ့ ထိခိုက် သေဆုံးမှု အသေးစိတ်ကိုတော့ အတိအကျမသိရဘူးလို့ ရွာငံမြို့ခံအချို့က RFA ကို အတည်ပြုပါတယ်။
 
၉ ရက်နေ့ တိုက်ပွဲကိစ္စကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ လွှစင်ရွာမှာ နေအိမ် ၈၀ လောက်က ဒေသခံတွေ ထွက်ပြေးနေရသလို PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရသူ ကလည်း ၃၀ လောက်အထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ နှစ်လခန့်ကလည်း ရွာငံမြို့နယ် ပဲရင်းတောင်ရွာက စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရပြီး နောက်ပိုင်း အဖမ်းခံရမှာ စိုးရိမ်တဲ့ ဒေသခံတွေဟာ ဒီနေ့အထိ ဘေးလွတ်ရာကို ရွာလုံးကျွတ် တိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။