ရွာငံမြို့နယ်မှာ တစ်ပတ်အတွင်း အရပ်သား ၁၄ ဦး အဖမ်းခံရ

2022.07.01
ရွာငံမြို့နယ်မှာ တစ်ပတ်အတွင်း အရပ်သား ၁၄ ဦး အဖမ်းခံရ ရှမ်းပြည်နယ်မြောက်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့အဝင် တစ်နေရာကို တွေ့ရစဉ်
Photo: CJ

ရှမ်းပြည်နယ်မြောက်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင်းက ကျေးရွာ သုံးခုမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သား ၁၄ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ရွာငံ ဒေသခံအချို့က RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရွာငံမြို့နယ် ဆင်ဆာပြားရွာက အသက် ၄၆ နှစ်အရွယ် ကိုမျိုးမြင့်အောင် အပါအဝင် အမျိုးသား ကိုးဦး၊ အုတ်တွင်းရွာက အမျိုးသား သုံးဦးနဲ့ ထန်းလျှောက်ရွာက အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၄ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆင်ဆာပြားရွာက အမျိုးသားတစ်ယောက်ကို အရင်စဖမ်းတာပေါ့။ ပြီးမှ ၂၆ ရက်နေ့မှာ နှစ်ယောက် ထပ်ဖမ်းတယ်။ ၂၈ ရက်မှာကျတော့ ခြောက်ယောက်ကို ထပ်လာဖမ်းတယ်။ ဆင်ဆာပြား ရွာက အဖမ်းခံထားရတဲ့ အမျိုးသား နှစ်ယောက်ကတော့ အတော် အရိုက်ခံထားရတယ်လို့ ကြားရတယ်။ အဲဒါပြီးတော့မှ အုတ်တွင်းနဲ့ ထန်းလျှောက်ရွာက သူတွေကို ဆက်ဖမ်းတာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာငံမြို့နယ် ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

ဖုန်းလိုင်းအဆက်အသွယ်မရတာကြောင့် ဖမ်းဆီးခံထားရသူတွေရဲ့ အသက်နဲ့ အမည်တွေကို တိတိကျကျ မသိရ သေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဖမ်းဆီးတဲ့ သူတွေကို ကလောအချုပ်ထောင်မှာ ခေါ်ယူစစ်မေးလေ့ရှိပေမယ့် အခု ဖမ်းဆီးခံထားရသူတွေကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာကို တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရွာငံမြို့နယ်အတွင်းမှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး NLD လွှတ်တော်အမတ်အပါအဝင် ဖမ်းဆီးခံထားရသူပေါင်း ၅၀ ထက်မနည်း ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ ရွာငံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပြင် တောင်ကြီးနဲ့ ပင်းတယပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလည်း ပူးပေါင်းလှုပ်ရှားနေတာပါ။

အဲဒီထဲက ရွာငံပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ လက်ရှိ ရွာငံမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖိအားကြောင့် ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပါ အခက်အခဲတွေ ဖြစ်လာတာကြောင့် စုဖွဲ့မှုအသစ် ဆောင်ရွက်နိုင်ဖို့ ရွာငံဒေသကို ခေတ္တ စွန့်ခွာမယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။