မုံရွာမြို့မှာ လူငယ်သုံးဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နိုဝင်ဘာလ ၁ ရက် မနေ့ညနေပိုင်းက မော်တော်ဆိုင်ကယ်စီးလာတဲ့ လူငယ်သုံးဦးကို စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် သုံးဦးစလုံး သေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံ တွေက ပြောပါတယ်။
မုံရွာမြို့ ဘုရားနီလမ်းထောင့် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက လူငယ်သုံးဦး စီးနင်း လာတဲ့ဆိုင်ကယ်ကို တားဆီးခဲ့ပေမယ့် ရပ်မပေးဘဲ မောင်းပြေးတာကြောင့် အနောက်ကနေ လိုက်လံပစ်ခတ် ခဲ့တာလို့ မုံရွာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုရက်ပိုင်း မုံရွာမှာ တော်တော်အစစ်အဆေးတွေ ကြမ်းနေတာ၊ အခုကိစ္စကလည်း လူငယ်လေးတွေ ဆိုင်ကယ်ရပ်မပေးတာနဲ့ပဲ အနောက်ကနေ ဆက်တိုက်လိုက်ပစ်တာ၊ သုံးဦးစလုံး ဆုံးသွားတယ်” လို့ ဒေသခံက ဆိုပါတယ်။
တစ်ဦးက အောင်သစ္စာလမ်း ရန်ကင်းရပ်ကွက်ရုံးအနားမှာ သေဆုံးခဲ့သလို နောက်ထပ်နှစ်ဦးကတော့ ဗိုလ်တေဇလမ်းက အောင်ဆေးခန်းအနားမှာ သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်သားတွေက ပြန်သယ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
မနေ့မှာပဲ မုံရွာမြို့ ကမ်းနားလမ်း သလ္လာကျောက်ဆိပ်အနားက စစ်ရေးဂိတ်မှာ မော်တော်ဆိုင်ကယ်နဲ့ ပြန်လှည့်သွားတဲ့ အမျိုးသား နှစ်ဦးကို ရဲကားနဲ့လိုက်တိုက်ဖမ်းပြီး သေနတ်နဲ့လိုက်ပစ်တာကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မုံရွာမြို့က အချက်အချာကျတဲ့နေရာတွေမှာ စစ်ဆေးရေးဂိတ်တွေကိုထားရှိပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာအပြင် ငွေတောင်းတာတွေလည်း ရှိနေတယ်လို့ မုံရွာမြို့ခံ တွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ ဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။