တန့်ဆည်မှာ အရပ်သား သုံးယောက်ကို စစ်တပ်က သတ်ပြီး မြေမြှုပ်ထားခဲ့
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ လောက်ဟာ သူတို့ပြန်လည်ဆုတ်ခွာရာ လမ်းကြောင်းမှာတွေ့တဲ့ အရပ်သားသုံးယောက်ကို သတ်ပြီး မြေမြှုပ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကာပေါင်းကျရွာက ဆုတ်ခွာလာတဲ့ စစ်သားတွေဟာ စင်းသင်းရွာမြောက်ဘက်၊ စိုင်ခေါင်းချောင်း အနီးက ရွှေကျင်မျောမှာ ရွှေကျင်လုပ်ငန်း လုပ်ကိုင်သူ အရပ်သားသုံးယောက်တို့ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ကြောင်းပြန်ဆုတ်တော့ စင်းသင်းရွာနားက ရွှေကျင်မျောမှာ ရွာသား သုံးယောက်ကို သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့တယ်။ ကာပေါင်းကျရွာသားတွေ ပြန်တော့မှ ဒီနေ့မနက်ကမှတွေ့တာ။ သူတို့ စစ်ကြောင်းဆုတ်တာက မနေ့ညကမှ ပြန်ဆုတ်တာ ”
သူတို့ဆီမှာ လက်နက်တွေ့လို့ဆိုပြီး စွပ်စွဲချက်နဲ့ အသတ်ခံရတာလို့လည်း ပြောပါတယ်။ သေဆုံးသူ တွေဟာ တန့်ဆန်မြို့နယ် ကံထူးမရွာသား အသက် ၄၀ နှစ်အရွယ် ဦးစိန်လွင်နဲ့ သူ့အလုပ်သမား နှစ် ယောက်ဖြစ်ပြီး အလုပ်သမားနှစ်ယောက်ရဲ့ နာမည်နဲ့ အသက်တွေကိုတော့ မသိရသေးပါဘူး။
အဲဒီစစ်သားတွေကို ဒီနေ့မနက်မှာပဲ တန့်ဆည်မြို့နယ် စည်တုံးလုံးချောင်း၊ မယ်တော်ကြီး နတ်နန်း အနီးမှာ မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ခြောက်ဦးထက်မနည်း သေဆုံးတယ်လို့ တန့်ဆည် ပြည်သူ့ရဲဘော် အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။