ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲမှာ ပါဝင်ခဲ့သူ ၃ ဦး ထောင်ဒဏ်ချမှတ်ခံရ


2018.09.19
zayyarlwin-622 ငွေဒဏ်အစား ထောင်ဒဏ်ကိုသာ ရွေးချယ်လိုက်တဲ့ ကိုဇေယျာလွင် ကို ၂၀၁၈၊ စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲမှာ ပါဝင်ခဲ့တယ်ဆိုပြီး ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်နဲ့ ကိုရွှေကြယ်မိုး တို့ ၃ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁၅ ရက် ဒါမှမဟုတ် ငွေဒဏ်ကျပ် နှစ်သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက် ပါတယ်။

ငွေဒဏ်အစား ထောင်ဒဏ်ကိုသာ ရွေးချယ်လိုက်တဲ့ ကိုဇေယျာလွင် က တပ်မတော်နဲ့ ပြည်ထဲရေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ကိုင်နေတာတွေကို မလိုလားတဲ့သဘောဆောင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရုပ်ဆိုးစေတယ်လို့ ပြောပါတယ်။

"ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲမှာ စကားသွားပြောရုံနဲ့ ကျနော်တို့ကို တရားစွဲအမိန့်ချတာကို လက်မခံတဲ့ သဘောနဲ့ ထောင်ဒဏ်ပဲ ရွေးချယ်တာပါ။ ကျနော်တို့က ကျနော်တို့ရဲ့ လိုအပ်ချက်တွေ ဆန္ဒတွေကို ထုတ်ဖော်တယ် ကဗျာရွတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ ပြည်ထဲရေးက တရားစွဲတယ် အမှုတွေကို အချိန် ကြာတယ်၊ ပြီးရင်သူတို့ တစ်ခုခု အမိန့်ချတယ်ပေါ့။ အဲဒီဖြစ်စဉ်မှာ ကျနော်တို့ ဒဏ်ငွေဆောင်လိုက်တယ်ဆိုရင် သူတို့ရဲ့ဖြစ်စဉ်ထဲကို လိုလားတယ်လို့ သရုပ်သဏ္ဍန်ပြမှာ မလိုလားတဲ့အတွက်ကြောင့် ထောင်ဒဏ်ပဲ ရွေးချယ် တာပါ။ ပြည်ထဲရေးအနေနဲ့ စစ်တပ်အနေနဲ့ အဲဒီလုပ်ငန်းစဉ်တွေကို မလိုလားတဲ့ သဘောဆောင် ပါတယ်။ ဒီလိုပုဒ်မမျိုးတွေ စွဲတဲ့ဟာသည် ရှိတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာများစွာ ရုပ်ဆိုးစေပါတယ် ထိခိုက်စေပါတယ်"

ကဗျာဆရာ ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုးတို့ကတော့ ဒဏ်ငွေ ကျပ် ၂ သောင်းကိုပေးဆောင်လိုက်ကြပြီး ကိုဇေယျာလွင်ကတော့ ထောင်ဒဏ် ၁၅ ရက်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကိုဇေယျာလွင် ဟာ ကဗျာဆရာတွေနဲ့ ပူးပေါင်းပြီး မေလ ၁၄ ရက်နေ့က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ဖို့  ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ငြိမ်းချမ်းရေးကဗျာ ရွတ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် တာမွေမြို့နယ် Ocean ဈေးဝယ်စင်တာရှေ့မှာ ငြိမ်းချမ်းရေးရဖို့ စီတန်းလှည့်လည် လမ်းလျှောက်ခဲ့တဲ့ အတွက် ငြိမ်းစုစီ ပုဒ်မနဲ့ ဗဟန်းမြို့နယ် ရဲစခန်းက တရားစွဲဆိုထားပါတယ်။

ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဗဟန်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၂၀ နဲ့ တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူ က ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေပြီး တချို့တွေက နားမလည်ကြဘူးလို့ ပြောပါတယ်။

"ပြည်သူတွေငြိမ်းချမ်းရေး တကယ်ဆာလောင်နေတဲ့ဟာကို ကဗျာသမားတွေ ပြောတယ်၊ နိုင်ငံရေးသမားတွေ ပြောတယ်၊ ကျောင်းသားတွေပြောတယ် အများကြီးငြိမ်းချမ်းရေး လိုအပ်ပါတယ် ပြောတာကို တချို့တွေက နားမဝင်ဘူး။ ကျနော်ပြောပြမယ် စစ်တပ်ဆိုတဲ့ဟာမျိုးက အိမ်ရဲ့ခြံစည်းရိုးပဲ၊ ခြံစည်းရိုးဟာ မိသားစုဝင်ဖြစ်စရာ မလိုဘူး၊ ခြံစည်းရိုးဟာ ခြံစောင့်သက် သက်ပဲ ဖြစ်ရမယ်။ စစ်တပ်နဲ့ပတ်သက်ပြီး သူတို့အတွက် ဘာမှ အများကြီး ညှိစရာမလိုဘူး၊ ခြံစောင့်က ခြံစောင့် သာသာပဲ"

ငြိမ်းချမ်းရေးအတွက် တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ဟောင်း ကိုအောင်မှိုင်းဆန်း၊ ကဗျာဆရာ ကလင့်၊ ကိုဒိန်းဒေါင် တို့ကို ထောင်ဒဏ် ၂ လ ချမှတ်ခဲ့သလို ဗကသ ဗဟို ကော်မတီဝင် ကိုနှင်းအောင်နဲ့ ကိုသန်းထိုက် တို့ကိုလည်း ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။