ပြည်မှာ ဆန္ဒပြကျောင်းသားတွေ ဖမ်းဆီးခံရ
2018.05.31

စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့အမှုတွေကို ရုပ်သိမ်းပေးဖို့ဆိုပြီး ဒီကနေ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဆန္ဒပြတောင်းဆိုရာမှာ ဆန္ဒပြသူတွေထဲက ၈ ဦးကို ပြည်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ အခြေခံပညာ ကျောင်းသားသမဂ္ဂ(အကသ) ကျောင်းသားတွေ ကို ပြည်မြို့က ရွှေဆံတော်စေတီရှေ့အရောက်မှာ ဖမ်းဆီးလိုက်တာလို့ ဆန္ဒပြပွဲမှာ ဝန်းရံပါဝင်ခဲ့တဲ့ ကိုမေတ္တာဦးက ပြောပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့ဆိုပြီး ကျနော်တို့က တောင်းဆိုတယ်၊ ကလေးတွေက ရွှေဆံတော်လည်းရောက်ရော ကလေးတွေကိုဖမ်းတယ်၊ ၅ ယောက်ပါသွားတယ်၊ နောက်ပြီးတော့ ဘုရားပေါ်မှာကျန်တဲ့သူ ၃ ယောက်ကို ထပ်ဖမ်းတယ်၊ အခုလောလောဆယ် အားလုံး ၈ ယောက်ပေါ့ ၊ ပြည်ကတာဝန်ခံ ၂ ယောက်ရှိတယ်လေ၊ သူတို့ိကို ကိုယ်ပိုင်အာမခံနဲ့ တောင်းထားတယ်၊ အဓိက နှစ်ယောက်ပဲ တရားစွဲတယ်၊ ကျန်တဲ့သူတွေကိုတော့ ဝန်းရံသူတွေအနေနဲ့ တရားတော့မစွဲဘူး"
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က စစ်ပွဲတွေရပ်တန့်ဖို့အတွက် ဆန္ဒပြခဲ့ကြတဲ့ ပြည်နဲ့ နတ္တလင်းမြို့က ကျောင်းသားတွေ အပါအဝင် လူငယ်တွေကို တရားစွဲထားတာကို ရုပ်သိမ်းပေးဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။
ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်သူနှစ်ဦးဖြစ်တဲ့ ကိုရန်ပိုင်ထက်နဲ့ ကိုစစ်မြတ်မင်းတို့ကို ငြိမ်းစုစီဥပဒေပုဒ်မနဲ့ တရားစွဲထားပြီး ကျန်တဲ့သူ ၆ ဦးကိုတော့ တရားစွဲမှာ မဟုတ်ကြောင်း ရဲစခန်းက ပြောခဲ့တယ်လို့ ကိုမေတ္တာဦးက ပြောပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မတင်ဘဲ လုပ်ခဲ့တာဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က မနေ့က ကျောင်းသားတွေကို ခေါ်ယူတွေ့ဆုံခဲ့ကာ ဆန္ဒပြဖို့အတွက် စာတင်ဖို့ပြောကြားခဲ့သေးတယ်လို့လည်း ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်ပွဲတွေရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးတောင်းဆိုခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မနဲ့ တရာစွဲခံဆို ထားရသူ ဦးရေ ၅ဝ ကျော်ရှိပါတယ်။