စစ်ပွဲတွေရပ်ပေးဖို့ တောင်းဆိုသူ ၂ ဦး ထောင်ဒဏ်ချမှတ်ခံရ
2018.07.05

စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြသူ ကိုသန်းထိုက်နဲ့ ကိုနှင်းအောင်တို့ကို ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလကျခံဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
တရားရုံးက ချမှတ်တဲ့ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ကိုသန်းထိုက်က အခုလို ပြောပါတယ်။
"သုံးလချတာကတော့ သူတို့ကိစ္စပေါ့။ထွေထွေထူးထူး မပြောလိုပါဘူး။ ကျနော်တို့ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ တရားစီရင်ရေးကို အယုံအကြည်မရှိတဲ့အတွက် ဒီတရားစီရင်ရေးကိုလည်း အယုံအကြည်မရှိလို့ သပိတ်မှောက် ထားပြီးသားပါ။ လူထုအပေါ် မတရားခဲ့တဲ့သူတွေပဲ ကျနော်တို့ရနေတာ"
စစ်ပွဲတွေရပ်တန့်ဖု့ိအတွက် ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က မန္တလေးမြို့ ၂၆ လမ်းကျုံးဘေးမှာ ဖယောင်းတိုင်တွေထွန်း ဆန္ဒထုတ်ပြခဲ့တဲ့အတွက် တရားစွဲဆိုခံရတာဖြစ်ပြီး မေလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဒီအမှုအတွက် အယူခံတက်ခွင့်ရှိပေမယ့် အယူခံတက်မှာမဟုတ်ဘူးလို့ ကိုသန်းထိုက်က ပြောပါတယ်။
ပြည်တွင်းစစ်ရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြမှုတွေကို ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်လို့ဆိုပြီး ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ ဖမ်းဆီးခံထားရသူ မန္တလေးမြို့မှာ စုစုပေါင်း ၅ ဦးရှိပြီဖြစ်ပါတယ်။