စစ်ပွဲဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ရုံးထုတ်


2018.06.08
peace-activist-ygn-622.jpg တာမွေမြို့နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြခဲ့သူတွေကို ဗဟန်းမြို့နယ် တရားရုံးမှာ ၂၀၁၈ ဇွန်လ ၈ ရက်နေ့ကတွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်မြို့ တာမွေမြို့နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀နဲ့ တရား စွဲဆိုခံထားရတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၁၆ဦးကို ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ရုံထုတ်အပြီးမှာ စစ်ပွဲတွေရပ်တန့်ရေးအတွက် တွေ့ဆုံ ဆွေးနွေး အဖြေရှာပေးဖို့ တောင်းဆိုတဲ့လှုပ်ရှား မှု  ပြုလုပ်ခဲ့ကြောင်း တရားစွဲဆိုခံရတဲ့ထဲမှာပါဝင်တဲ့ မခင်စန္ဒာ က ပြောပါတယ်။

"အခုရုံးမှာလည်း ကိုယ်ပေးချင်တဲ့ message ကို ပေးတယ်ပေါ့နော်၊ စစ်ပွဲတွေသည် အဖြေမဟုတ် တွေ့ ဆုံဆွေးနွေး အဖြေရှာပေးဆိုတဲ့ဟာမျိုးပေါ့နော်၊ ပြီးတော့ အခါအားလျော်စွာလည်း တောက်လျောက် လုပ်သွားဖို့ ရှိပါတယ်၊ တစ်ခု concern ဖြစ်နေတာက မနက်ဖြန် ကချင်ပြည်နယ် ၇ နှစ်ပြည့်ဟာကို လိုက်လံပိတ်ပင်နေတယ် ဆိုတဲ့ဟာမျိုးကြားတဲ့အတွက် တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်၊ ဒါသူတို့ရဲ့ လုပ်ပိုင်ခွင့် သူတို့လုပ်ချင်တဲ့အရာကို အစိုးရကနေ ဒါကန့်သတ်တာမျိုးတော့ မဖြစ်စေချင် ပါဘူးရှင့်"

ဒီနေ့ တရားရုံးချိန်ကို တရားစွဲဆိုခံထားရတဲ့ ကိုဇေယျာလွင်၊ မခင်စန္ဒာ၊ မသဉ္ဇာရွှန်းလဲ့ရည်၊ ကိုမြတ်ကျော်၊ ကိုတင်ထွဋ်ပိုင်၊ ကိုပိုင်ရဲသူ၊ မရှားယမုံ၊ ကိုဆောင်းခ စတဲ့သူတွေအပါအဝင် ၁၆ ဦး လာရောက်ခဲ့ပြီး မအိအိမိုး မလာရောက်နိုင်တဲ့အတွက် လာမယ့် ဇွန်လ ၈ ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်တယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ဆန္ဒပြခဲ့သူတွေကို အရပ်ဝတ်နဲ့လူတွေက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာတွေရှိတဲ့အတွက် တရားစွဲဆိုဖို့ရှိတယ်လို့ လည်း ပြောပါတယ်။

စစ်ပွဲတွေရပ်တန့်ဖို့အတွက် ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်၊ မန္တလေး၊ ပြည်နဲ့ မြင်းခြံမြို့တွေက တက်ကြွလှုပ်ရှားသူ တွေကို ငြိမ်းစုစီဥပဒေ ပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ အမှုပေါင်း ၁၃ မှုရှိပြီး တက်ကြွလှုပ်ရှားသူ အယောက် ၄၀ ကျော် အမှုရင်ဆိုင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။