ထားဝယ်တက္ကသိုလ် ကျောင်းသားသုံးယောက် အဖမ်းခံထားရ

2021.11.30
ထားဝယ်တက္ကသိုလ် ကျောင်းသားသုံးယောက် အဖမ်းခံထားရ ဖမ်းဆီးခံရတဲ့ ထားဝယ် အကြမ်းမဖက်လူထုလှုပ်ရှားမှုသပိတ်ကို ဦးဆောင်သူ ကိုထူးမြတ်လွင်ကို တွေ့ရစဉ်
Photo: ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ - ထားဝယ်ခရိုင်

ထားဝယ်တက္ကသိုလ်က ကျောင်းသားသုံးယောက် နိုဝင်ဘာ ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက ဖမ်းဆီးသွားတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ကိုထူးမြတ်လွင်၊ ကိုစိုင်းကိုကိုထွန်းနဲ့ မလဝန်းပြည့်ပြည့်ထွန်း သူတို့သုံးယောက်ကို ဒီမနက် ၆ နာရီခွဲ ဝန်းကျင် လောက်က ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်က နေအိမ်မှာ စစ်ကောင်စီတပ်တွေ လာဖမ်းသွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုထူးမြတ်လွင်ဟာ ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာနက တတိယနှစ် ကျောင်းသား တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ထားဝယ်အကြမ်းမဖက် လူထုလှုပ်ရှားမှုသပိတ်မှာ ဦးဆောင်သူ တစ်ယောက်ဖြစ်ကြောင်း ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သူတို့သုံးယောက်ကို စစ်ကောင်စီက ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိရဘူးလို့ အဲဒီသမဂ္ဂက ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၉ ရက်မနေ့က မနက် ၈ နာရီကလည်း ထားဝယ်တက္ကသိုလ် သင်္ချာအဓိက ကျောင်းသားဟောင်း ကိုကောင်းမြတ်ကို ထားဝယ်မြို့ ဇလွန်ရွာက သူ့နေအိမ်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

လက်ရှိ နိုဝင်ဘာလထဲမှာ ထားဝယ်တက္ကသိုလ်က ကျောင်းသားတွေနဲ့ မိသားစုဝင် စုစုပေါင်း ၁၃ ယောက် စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။