ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသူတွေကို နယ်ထောင် ပြောင်းရွှေ့

2022.01.18
ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသူတွေကို နယ်ထောင် ပြောင်းရွှေ့ အင်းစိန်ထောင်ကနေ ထွက်လာတဲ့ အချုပ်ကားတစ်စီးကို ၂၀၂၁ အောက်တိုဘာ ၁၈ ရက်နေ့က တွေ့ရစဥ်
Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင်ဝင်းထဲက စစ်ခုံရုံးတွေကနေ တစ်သက်တစ်ကျွန်းပြစ်ဒဏ် အပါအဝင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသူတွေကို နယ် ထောင် ခြောက်ခုဆီ ဒီရက်ပိုင်းအတွင်း ပြောင်းရွှေ့လိုက်တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ် သူတချို့က ပြောပါတယ်။

စစ်ခုံရုံးကနေ အမိန့်ချခံလိုက်ရတဲ့သူတွေကို ဇန်နဝါရီ ၁၇ ရက် မနေ့ညပိုင်းက ပြောင်းရွှေ့ လိုက်တာလို့ အင်းစိန်ထောင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ဒီနေ့ ကျနော်တို့ ကြားခဲ့တာတော့ သေဒဏ်ပြစ်ဒဏ်ကျထားတဲ့ အကျဉ်းသားပေါ့နော်။ မနေ့ညကတော့ ၃၂ ဦးကို ည ၂ နာရီလောက်မှာ ထောင်တွေ ပြောင်းပေးလိုက်တယ်လို့ ကြားတယ်။ ဒီလိုမျိုးပြောင်းတာ ဒါနဲ့ဆို နှစ်ကြိမ်လောက်ရှိပြီလို့ ကြားထားပါတယ်။ အခု ပြောင်းတာတွေကတော့ စစ်ခုံရုံး အမှုတွေပဲ။ အရပ်ဘက် အထူးတရားရုံးတွေက သေဒဏ်၊ နှစ်ရှည် ပြစ်ဒဏ်တွေ မချရသေးဘူး။ စစ်ဆေးဆဲနဲ့ ၅၀၅ (က) နဲ့ သုံးနှစ်လောက်ပဲ ချထားတဲ့အမှုတွေပဲ ရှိသေးတယ်"

မန္တလေးအိုးဘိုထောင်၊ လားရှိုးထောင်၊ သာယာဝတီထောင်နဲ့ သရက်ထောင် အပါအဝင် နယ်ထောင် ခြောက်ခုဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အရေအတွက် အသေးစိတ်ကိုတော့ RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ခုံရုံးကနေ ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်ခံခဲ့ရတဲ့ ကိုရန်ပိုင်ထွန်းရဲ့ မိခင် ဒေါ်ဌေးဌေးဝင်း က သူ့သားကို ဇန်နဝါရီ ၁၅ ရက်က အင်းစိန်ထောင်ကနေ ပဲခူးတိုင်း၊ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတယ်ဆိုတာ ထောင်ဝန်ထမ်းတစ်ဦးက အကြောင်းကြားလာတယ်လို့ ပြောပါတယ်။

"သာယာဝတီထောင်ကလည်း ဖုန်းဆက်တယ်။ ပစ္စည်းထောင်ဝင်စာတွေကို သာယာ ဝတီထောင်ကိုပဲ လာပို့တော့ဖို့ပေါ့။ အဲဒါကြောင့် လာမယ့် တစ်ပတ်ကို သာယာဝတီ လိုက်သွားရမှာ။ အရင် အင်းစိန်ပဲ ဆိုတော့ အဆင်ပြေပေမယ့် အခုလို တခြားနေရာတွေကို ရွှေ့လိုက်တော့ အဆင်မပြေတော့ဘူးပေါ့"

ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက် ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာ စတဲ့ မြို့နယ် ခြောက်ခုကို မတ်လ ၁၅ ရက်ကစပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့ကာ ပြစ်မှု ၂၃ ခုကို စစ်ခုံရုံးတွေနဲ့ စီရင်နိုင်တယ်လို့ စစ်ကောင် စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့က စစ်ခုံရုံးအသီးသီးကနေ သေဒဏ်၊ တစ်သက် တစ်ကျွန်း အပါအဝင်၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရတဲ့သူပေါင်း ဇန်နဝါရီ ၆ ရက်နေ့ အထိ ၁၃၇ ဦး ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။