သမ္မတ ဦးသိန်းစိန် ဒုတိယ ဥရောပခရီးစဉ် စတင်


2013.07.14

သမ္မတ ဦးသိန်းစိန် ဒုတိယ ဥရောပခရီးစဉ် စတင် သမ္မတ ဦးသိန်းစိန် ဟာ ဒုတိယအကြိမ် ဥရောပခရီးစဉ်အဖြစ် ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံတွေကို တနင်္ဂနွေနေ့ မနက်က ထွက်ခွာသွားခဲ့ပါတယ်။

အခုခရီးစဉ် ဟာ ဇူလိုင်လ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် တို့နဲ့တွေ့ဆုံဖို့ရှိတဲ့ အပြင်  မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကုန်သွယ်ရေး၊ လူ့အခွင့်အရေး ကိစ္စတွေ နဲ့အတူ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒါ့ပြင် မြန်မာ နဲ့ ဗြိတိန် နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်သွယ်မှု ထူထောင်ပြီး၊ မြန်မာနိုင်ငံက လူမျိုးစု ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် မြန်မာစစ်တပ်ကို လူ့အခွင့်အရေးသင်တန်းတွေ၊ ဥပဒေစိုးမိုးရေးသင်တန်းတွေ ပေးဖို့ ကမ်းလှမ်းမယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောပါတယ်။ ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးသည်ထက်ဖွံ့ဖြိုးလာအောင်၊ ပြည်တွင်းစစ် ရပ်စဲသွားအောင်၊ ဘာသာရေးလူမျိုးရေးပဋိပက္ခ တင်းမာမှုတွေ ပြေလျော့သွားအောင် အားပေးကူညီဖို့ ပိုင်းဖြတ်ထားကြောင်းလည်းပြောပါတယ်။

ဒီအတွင်း APPG ခေါ် မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ ဗြိတိန်ပါလီမန်အမတ်များအဖွဲ့ က ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အနေနဲ့ သမ္မတဦးသိန်းစိန် နဲ့တွေ့ဆုံတဲ့အခါ လူ့အခွင့်အရေးကိစ္စတွေ အထူးအလေးပေး ဆွေးနွေး ဖို့၊ မြန်မာအစိုးရ ရဲ့ စကားလုံးတွေထက် လုပ်ရပ်တွေကို ကြည့်ပြီး ဆုံးဖြတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ တနင်္လာနေ့ ညနေပိုင်း Chatham House နိုင်ငံတကာရေးရာလေ့လာရေးဌာနမှာ ကျင်းပမယ့် မြန်မာ့ အလားအလာ နဲ့ စိန်ခေါ်မှုများ ဆိုတဲ့ ဆွေးနွေးပွဲမှာ ပါဝင်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။