ထောင်ကနေပြန်လွတ်တဲ့ သာယာဝတီ NLD အမတ် ပြန်အဖမ်းခံရပြီး တရားထပ်စွဲခံရ

RFA Burmese
2024.01.10
ထောင်ကနေပြန်လွတ်တဲ့ သာယာဝတီ NLD အမတ် ပြန်အဖမ်းခံရပြီး တရားထပ်စွဲခံရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပဲခူးတိုင်း သာယာ၀တီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်အား တွေ့ရစဉ်။
U Aung Myint Facebook

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ ပြန်လွတ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ဟာ မတရားအသင်း ဆက်သွယ်မှုနဲ့ ထပ်မံဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရတယ်လို့ သာယာဝတီမြို့ခံတွေက RFA ကို ပြောပါတယ်။

ဦးအောင်မြင့်ဟာ လွတ်ရက်စေ့ကာနီး နှစ်ရက်လိုမှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပေမယ့် သာယာဝတီ အကျဉ်းထောင်အဝမှာပဲ ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးခဲ့တာဖြစ်ပြီး ထောင်အပြင်ကိုတောင် ပြန်မရောက်ခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဦးအောင်မြင့်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုထားပြီး သာယာဝတီထောင်ထဲ ပြန်ပို့လိုက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးအောင်မြင့်ရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

“ဇန်နဝါရီလ ၆ ရက်နေ့ကဆို သူက လွတ်ရက်စေ့ပြီ။ အဲဒါကို လေးရက်နေ့မှာ ပြန်လွတ်တာ။ သူ ပြန်လွတ် လာတယ်ဆိုတာ ထောင်အပြင်တောင် မရောက်လိုက်ဘူး ရဲကပြန်ဖမ်းသွားတာ။ ရဲစခန်းမှာ ပြန်ချုပ်ထား တော့လည်း မိသားစုတွေက တွေ့ခွင့်မရဘူး။ ၈ ရက်နေ့ကျတော့ သာယာဝတီထောင်ထဲ ပြန်ပို့လိုက်တယ်။ မတရားအသင်းဆက်သွယ်မှုနဲ့ တရားထပ်စွဲတာ ”

အခုအချိန်အထိ မိသားစုလည်း တွေ့ခွင့်မရသလို ထပ်တိုးအမှုအပေါ် ဘယ်အချိန် အမိန့်ချမယ်ဆိုတာလည်း မသိရဘူးလို့ ဆိုပါတယ်။

ဦးအောင်မြင့်ဟာ စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက ဖမ်းဆီခံခဲ့ရပြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) နဲ့ သာယာဝတီထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရတာပါ။

အဲဒီနောက် လွတ်ရက်စေ့ကာနီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထဲမှာပဲ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထပ်တိုး တရားစွဲခံရပြီး သာယာ၀တီထောင်မှာ တစ်နှစ်ခွဲထပ်အကျဉ်းကျခံခဲ့ရ ပါတယ်။

ဦးအောင်မြင့်ဟာ (NLD) ပါတီရဲ့ သာယာ၀တီမြို့နယ်ဥက္ကဋ္ဌဖြစ်သလို ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ခုဆက် အနိုင်ရထားသူလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။