လက်နက်ကြီးကြောင့် သထုံမှာ ကလေးငယ်လေးဦး အပါအဝင် ခြောက်ဦးဒဏ်ရာရ
2023.04.01

မွန်ပြည်နယ် သထုံမြို့နယ် တောင်ကလေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးငယ်လေးဦး အပါအဝင် အရပ်သားခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မတ်လ ၃၁ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က မတ်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အသက်ငါးနှစ်အရွယ် ချစ်မိုးအောင်၊ ချစ်မိုးသူ၊ အသက် ၁၄ နှစ်အရွယ် ညီညီဇော်၊ နော်စံပယ်ဖြူ၊ အသက် ၄၀ အရွယ် ဒေါ်နောပျိုနဲ့ အသက် ၇၅ နှစ်အရွယ် ဒေါ်မသောင်းတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသလို၊ မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးတိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်က KNU လက်အောက်ခံ KNLA တပ်မဟာ (၁) ထိန်းချုပ်ထားတဲ့ သထုံမြို့နယ်အတွင်းက ကျေးရွာတွေကို မတ်လ ၈ ရက်ကနေ ၂၉ ရက်အထိ လက်နက်ကြီးတွေနဲ့ ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ KNU လက်အောက်ခံ KNLA တပ်တွေအကြား တိုက်ပွဲပေါင်း ရှစ်ထောင်ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။