သာယာဝတီမြို့နယ် NLD ပါတီရုံး ဖျက်ဆီးခံရ
2023.04.26
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ဆရာစံမြို့သစ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးကို စစ်ကောင်စီတပ်သားတွေ ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီအချိန်မှာ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင် ဦးဆောင်တဲ့ အင်အား ၃၀ ခန့်နဲ့ လာဖျက်ဆီးသွားတာလို့ သာယာဝတီမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင် (ခေါ်) ကြည်လေး သူက ကားလေးတစ်စီးနဲ့ ဦးဆောင်ပြီး ကျန်တဲ့လူကတော်တော်များတယ်။ ပစ္စည်းအစုံနဲ့ အိမ်တွေလာဖျက်တဲ့ပုံစံမျိုး ဘောင်းဘီတိုတွေနဲ့ လာကြတာ။ ရှေ့ပိုင်းမှာ ပါတီသင်္ကေတ နဲ့ဆိုင်တာ အားလုံးဖျက်တယ်။ ရုံးထဲဖျက်ဝင်တယ်။ ရုံးအဆောက်အအုံကလွဲရင် ကျန်တာအကုန်ဖျက်ဆီးသွားတယ်”
ပျဉ်ထောင်၊ သွပ်မိုး အဆောက်အအုံတစ်ခုဖြစ်တဲ့ သာယာဝတီမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ၂၀၂၁ ခုနှစ်၊ ဧပြီလက စတင်ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ သာယာဝတီမြို့နယ် NLD ပါတီရုံး ဖျက်ဆီးခံရတယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ RFA ကို ဖြေကြားပါတယ်။
NLD ပါတီက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးဌာနရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်း နှစ်နှစ်တာအတွင်း NLD ပါတီရုံးတွေ ကျူးကျော် ဝင်ရောက်ခံရတာ၊ ဖျက်ဆီးခံရတာနဲ့ ပါတီပိုင်ပစ္စည်းယူဆောင်ခံရတာ အကြိမ်ပေါင်း (၁၂၀) ရှိခဲ့တယ်လို့ ဆိုပါတယ်။