ထန်တလန်မြို့ပေါ် အိမ် ၁၆၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ CDF ထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါးခရိုင်ထဲက ထန်တလန်မြို့ပေါ်မှာ မီးလောင်ကျွမ်းမှုကြောင့် တစ်ရက်အတွင်း အိမ်ခြေ ၁၆၃ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ CDF - ထန်တလန် အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေမှာ ဖော်ပြ ထားပါတယ်။
ရပ်ကွက်ပေါင်း ၁၀ ခုရှိရာ ဇုန်မွှန် ရပ်ကွက်က အိမ် ၅၆ လုံး၊ Market ရပ်ကွက်က ၅၂ လုံး၊ Biakinn ရပ်ကွက် က အလုံး ၃၀၊ TABC ရပ်ကွက်က ၂၂ လုံး နဲ့ လုံတီာလ်ရပ်ကွက်က ၃ လုံးစီ မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ CDF-ထန်တလန်ရဲ့ စာရင်းအရ သိရပါတယ်။
အဲဒီအထဲမှာ Church on the Rock (COTR) ဘုရားကျောင်း၊ Presbyterian ဘုရားကျောင်း စတဲ့ ခရစ်ယာန် ဘုရားကျောင်းတို့ ပါဝင်နေပြီး ရပ်ကွက် ၅ ခုက အိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အောက်တိုဘာ ၂၉ ရက် မနေ့က မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့် ထန်တလန်မြို့ ပေါ်က နေအိမ်တွေ မီးလောင်ခဲ့ရတာပါ။ ငြှိမ်းသတ်မယ့်သူမရှိတဲ့ မြို့ပေါ်ကမီးတွေဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ လောင်စာကုန်သွားတဲ့အတွက် ငြိမ်းသွားပြီလို့ ဒေသခံတွေက ပြောပါ တယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ထန်တလန်မြို့ပေါ်ကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပြီး အဲဒီအတွက် ထန်တလန်မှာ တပ်စွဲထားတဲ့ တပ်မ (၆၆) ရဲ့ ဒုတိယဗိုလ်မှူးကြီး သောင်းလှိုင်က အမိန့်ပေးခဲ့တာဖြစ်တယ်လို့ အောက်တို ဘာ ၂၉ ရက်နေ့ညက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့စလို့ တပ်မ (၆၆)၊ ခလရ (၂၂၂) တို့ဟာ ထန်တလမြို့ပေါ်မှ တပ်စွဲနေပြီး ချင်း ပြည်နယ်အတွင်း စစ်ဆင်ရေးတွေမှာ စစ်ကောင်စီရဲ့ ခလရ (၂၆၆)၊ ခလရ (၂၆၈)၊ ခလရ (၂၆၉)၊ ခလရ (၃၀၄)၊ ခလရ (၁၄၀)၊ ခလရ (၂၇၄) တို့လည်း ပါဝင်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာ လ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။