သံတွဲမြို့အနီး တိုက်ပွဲကြောင့် သူဌေးရေအားလျှပ်စစ် စီမံကိန်း ရပ်နားထား

RFA Burmese
2024.04.28
သံတွဲမြို့အနီး တိုက်ပွဲကြောင့် သူဌေးရေအားလျှပ်စစ် စီမံကိန်း ရပ်နားထား သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီးရှိ ဒေါ်မြရွာနှင့် ပုရစ်၊ ရေကောက်ကျေးရွာအား ဝေဟင်မှ တွေ့ရစဉ်။
MOI

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေသလို လက်နက်ကြီးကျည်ပါ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စီမံကိန်းလည်ပတ်မှုကို ဧပြီလ ၂၆ ရက်နေ့ကစပြီး ရပ်နားထားသလို တရုတ်ပညာရှင်တွေပါ ပြန်သွားကြတယ်လို့ သံတွဲမြို့ခံတွေက ပြောပါတယ်။

သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီးက ရွှေလှေ၊ ဒေါ်မြ၊ ပုရစ်နဲ့ ရေကောက်ရွာတို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် အဲဒီစီမံကိန်းအနီးမှာ ကျရောက်ပေါက်ကွဲတာကြောင့် စီမံကိန်းဝန်ထမ်းတချို့ နေရပ်ပြန်သွားကြတာလို့ အမည်မဖော်လိုတဲ့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"စီမံကိန်းက တရုတ်နဲ့ မြန်မာပညာရှင်တွေ အကုန်ပြန်ကုန်တယ်။ စီမံကိန်းထဲက အဆောင်တွေကနေ ပြန်သွားကြတာ။ လေးဆယ်နီးပါး ပြန်သွားကြတာလို့ သိထားပါတယ်။ ပြီးခဲ့တဲ့ရက်က စီမံကိန်းနားမှာ လက်နက်ကြီးကျတော့ အကုန်ကြောက်လန့်ပြီး ပြန်ကြတာပေါ့"

အလုပ်သမားတစ်ရာနီးပါးရှိတဲ့ အဲဒီရေအားလျှပ်စစ်စီမံကိန်းမှာ ဒေသခံအများစုက အလုပ်ကြမ်းသမားတွေဖြစ်ပြီး အခုပြန်သွားသူတွေကတော့ စီမံကိန်းမှာ အဓိကတာဝန်ယူလုပ်ကိုင်နေတဲ့ တရုတ်ပညာရှင်တွေနဲ့ မြန်မာပညာရှင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

သူဌေးရေအားလျှပ်စစ် စီမံကိန်းကို နှစ်သုံးဆယ်စီမံကိန်းနဲ့ ၂၀၀၈ ခုနှစ်ကတည်းက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ စီမံကိန်းရှစ်ဆယ်ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီစီမံကိန်းပြီးသွားရင် တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း ၃၈၆ သန်းအထိ ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။