သံဖြူဇရပ်မှာ ထွေအုပ်ဒုဦးစီးမှူးအပါအဝင် ဒေသခံနှစ်ဆယ်ကျော် အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရ

RFA Burmese
2024.01.10
သံဖြူဇရပ်မှာ ထွေအုပ်ဒုဦးစီးမှူးအပါအဝင် ဒေသခံနှစ်ဆယ်ကျော် အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရ သံဖြူဇရပ်မြို့အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူးအပါအဝင် ဒေသခံ နှစ်ဆယ်ကျော်ကို ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ထောက်ပံ့တယ်လို့ စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးပြီး နောက် ဇန်နဝါရီလ ၈ ရက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဦးအောင်ကိုကိုအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံ စုစုပေါင်း နှစ်ဆယ်ကျော်ကို ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ သံဖြူဇရပ်မြို့မရဲစခန်းမှာ အမှုဖွင့်လိုက်တာလို့ ဆိုပါတယ်။

ဒုဦးစီးမှူး ဦးအောင်ကိုကိုဟာ NUG နဲ့ PDF တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲချက်နဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး အဲဒီနောက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေကိုပါ ဆက်တိုက်ဖမ်းဆီးခဲ့တာလို့ သံဖြူဇရပ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးအောင်ကိုကို ကိုဖမ်းပြီး စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာ။ သုံးပတ်နီးပါး ကြာပြီးတော့မှ ဇန်နဝါရီ ၈ ရက်နေ့က ၅၀ (ည)၊ ၅၂ (က) တို့နဲ့ အမှုဖွင့်ခံထားရ တယ်ဆိုတာ သိတယ်”

ဖမ်းဆီးခံထားရသူတွေထဲမှာ မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးသန်းဇော်၊ ဦးအောင်မြင့်၊ ဦးဖေမြင့်၊ ဦးချမ်းမွန်၊ ဦးမြသန်းနဲ့ ဦးမင်းမင်းတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ နောက်ဆုံးအပတ်ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်က ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါ်စောစုစုထွေးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ အဆက်အသွယ်မရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုလိုဖမ်းဆီးခံရမှုပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ သယံဇာတဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၉ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာ ဖမ်းဆီးခံရသူ အယောက်ကိုးရာနီးပါးအထိ ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။