ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရန်ကုန်ရောက်ရှိခဲ့
2014.02.10

အကျင့်ပျက်ခြစားမှုတွေနဲ့ ဖမ်းဝါးရမ်းထုတ် ခံထားရတာကြောင့် ပြည်ပမှာခိုလှုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုရောက်ရှိ ခဲ့ပြီး၊ မိသားစုဝင်တချို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။
အလားတူ နေးရှင်း သတင်းစာကလည်း သက်ဆင်ရဲ့ ယောက်ဖတော်စပ်သူ ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ဝမ်ဆာဝပ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သက်ဆင်နဲ့ ရန်ကုန်မြို့ မှာ တွေ့ဆုံခဲ့တယ်လို့ အတည်ပြုပြော ဆိုကြောင်း ဖေါ်ပြခဲ့ပါတယ်။ ရန်ကုန်မြို့မှာ သက်ဆင်နဲ့အတူ အလှူဒါနပြုခဲ့ကြောင်း၊ လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေတွေကို အကျဉ်းချုပ် ရှင်းပြခဲ့ရာမှာ၊ သက်ဆင်က စိတ်ဓါတ်ရေးရာအရ အားပေးစကားပြောဆိုခဲ့ကြောင်းလည်း ဖေါ်ပြထား ပါတယ်။
ဘန်ကောက်ပို့စ်မှာလည်း အမည်မသိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သံဃာတွေကို သက်ဆင်နဲ့အဖွဲ့က လှူဖွယ်ပစ္စည်းတွေဆက်ကပ်နေတဲ့ ဓါတ်ပုံတွေ ဖေါ်ပြထားပါတယ်။
ဒါ့ပြင် သက်ဆင်ဟာ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ် ၁၀ ထပ်မှာ တည်းခိုခဲ့ကြောင်း၊ သူရဲ့ နှမအကြီးဖြစ်သူနဲ့ ယောက်ဖဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ဝမ်ဆာဝပ် တို့က ပြီးခဲ့တဲ့ သောကြာနဲ့ စနေနေ့က ဘန်ကောက်ကနေ ရန်ကုန်ကို သွားရောက်တွေ့ဆုံခဲ့ကြကြောင်း၊ အလားတူ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပွန်ထက်နဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဝန်ကြီးဌာန အကြီးအကဲတို့ ပါဝင်တဲ့ လူ ၃၀ ပါ အဖွဲ့ကလည်း သက်ဆင်ကို သွားရောက်တွေ့ဆုံကြကြောင်း ထိုင်းအင်တာနက် သတင်းစာမျက်နှာတစ်ခုမှာ မနေ့က ဖော်ပြခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ထိုင်း အတိုက်အခံကို ဖြိုခွင်းဖို့အတွက် ဗေဒင်ယတြာစတဲ့ လောကီနည်းတွေအတွက်ဖြစ်တယ် လို့ ဝေဖန်သူတချို့က ဆိုကြသလို၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်းကတော့ ကုသိုလ်ရေးကိစ္စသက်သက်သာ ဖြစ်တယ်လို့ဆိုပါတယ်။
ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့နှစ် မတ်လကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။