ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ

RFA Burmese
2024.07.11
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ ဖယုဟာ ခီရီခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံခဲ့ရစဉ်။
Bangkok Post

ထိုင်းနိုင်ငံ ဖယုဟာ ခီရီ (Phayuha Khiri) ခရိုင် စစ်ဆေးရေးဂိတ်တစ်ခုမှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်အစောပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား ဆယ်ဦး၊ အမျိုးသမီးခြောက်ဦးနဲ့အတူ မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား လေးဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

ရှေ့က လမ်းပြမောင်းနှင်လာတဲ့ ကားတစ်စီးက ထိုင်းနိုင်ငံသား သုံးဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး နောက်က လိုက်ပါလာတဲ့ ပစ်ကပ်ထရပ်ကားမှာတော့ မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းသူတစ်ဦးတို့ကို ဖမ်းမိခဲ့တာလို့ ဖော်ပြပါတယ်။

ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသားတစ်ဦးရဲ့ ပြောကြားချက်အရ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို မဲဆောက်မြို့ကနေ အယုဒ္ဓယခရိုင်ကို ပို့ဆောင်ပေးဖို့အတွက် ထိုင်းဘတ်ငွေ တစ်သောင်းပေးပြီး အမည်မသိသူတစ်ဦးက စေခိုင်းခဲ့တာလို့ ဆိုပါတယ်။

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအတွက် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလဆန်းပိုင်းက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် လူငယ်တွေအပါအဝင် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်မှု များပြားနေပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေလည်း မကြာခဏ ဖမ်းဆီးခံရမှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။