စစ်ကောင်စီ လက်နက်ဝယ်ရာမှာ ထိုင်းဘဏ်တွေ ပါဝင်ကူညီတာ မတွေ့ကြောင်း ထုတ်ပြန်

RFA Burmese
2024.12.30
စစ်ကောင်စီ လက်နက်ဝယ်ရာမှာ ထိုင်းဘဏ်တွေ ပါဝင်ကူညီတာ မတွေ့ကြောင်း ထုတ်ပြန် ၂ဝ၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၂ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြမြင်ကွင်းတစ်ခု။
Photo: Myanmar Military

မြန်မာစစ်တပ် လက်နက်တွေဝယ်ယူနိုင်အောင် ထိုင်းဘဏ်တချို့က ကူညီပေးနေကြောင်း ကုလသမဂ္ဂရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး သက်သေအထောက်အထား မတွေ့ရဘူးလို့ ထိုင်းနိုင်ငံဘက်က ပြောဆိုလိုက်ပါတယ်။

ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့က ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။

၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း စစ်ကောင်စီအတွက် လက်နက်နဲ့ စစ်ရေးဆိုင်ရာပစ္စည်းတွေ ဝယ်ယူဖို့ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေက ထိုင်းဘဏ်တွေကနေတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၁၂ဝ လွှဲပြောင်းပေးချေခဲ့ကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူး (Tom Andrews)က ၂ဝ၂၄ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် ထိုင်းဘဏ်တွေဘက်က မြန်မာစစ်တပ် လက်နက်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ ငွေလွှဲပြောင်းမှုအားလုံးကို စစ်ဆေးနိုင်စွမ်း မရှိကြောင်း ပြောခဲ့အပြီး ဇူလိုင်လထဲမှာပဲ ထိုင်းအစိုးရက အထူးအဖွဲ့ဖွဲ့ပြီး စုံစမ်းခဲ့တာလို့ ဆိုပါတယ်။

စုံစမ်းတွေ့ရှိချက်တွေအရ ကုလသမဂ္ဂအစီရင်ခံစာမှာ ပါရှိတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ထိုင်းဘဏ်တချို့ကြား ငွေကြေးလွှဲပြောင်းတာတွေ ရှိခဲ့ပေမဲ့ လက်နက်ဝယ်ယူတာနဲ့ ပတ်သက်တဲ့ အထောက်အထား မတွေ့ရကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။