ကျောက်ဖြူနဲ့ တောင်ကုတ်က ဘဏ်တွေမှာ ငွေသားထုတ်ယူမှု ကန့်သတ်ထား
2024.07.16

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ တောင်ကုတ်မြို့နယ်က ဘဏ်တွေမှာ ငွေသားထုတ်ယူမှု ကန့်သတ်ထားတာကြောင့် ပြင်ပမှာ ငွေထုတ်ယူခတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။
ကျောက်ဖြူမြို့က ပုဂ္ဂလိကဘဏ် အများစုမှာ နှစ်ပတ်ကို ငွေသုံးသိန်းနှုန်းသာ ထုတ်ပေးတာကြောင့် ပြင်ပ ငွေလွှဲ၊ ငွေသွင်း အေးဂျင့်တွေထံမှာ ငွေထုတ်ယူခ ကျပ်တစ်သိန်းကို ခုနစ်ထောင်ကနေ ကျပ်တစ်သောင်းအထိ ငွေထုတ်ခ ပေးနေရတာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့ခံတစ်ဦးကတော့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားပြတ်လပ်မှုတွေ ရှိလာတာကြောင့် အခုလိုဖြစ်တာလို့ RFA ကို ပြောပါတယ်။
“ဘဏ်တွေက အရင်တုန်းက တစ်ပတ်ကို ငါးသိန်း ထုတ်ပေးတာ။ အခုက နှစ်ပတ် သုံးသိန်းဖြစ်သွားတာ။ အဲဒီလိုဆိုတော့ မြို့ပေါ်မှာ အလုပ်လုပ်တဲ့သူတွေကျတော့ ဘယ်အဆင်ပြေမလဲ။ ဘဏ်တွေမှာ ငွေသားမရှိတော့လို့ အဲဒီလိုဖြစ်လာတာ။ ဘဏ်က မထုတ်ပေးနိုင်တော့ အပြင်က ငွေလွှဲ၊ ငွေထုတ်တဲ့ အေးဂျင့်တွေလည်း ဈေးတက်လာတာ။ ကိုယ်ရှာထားတဲ့ဟာ သူတို့လုပ်ကျွေးနေရသလိုပဲ”
အရင်က ကျောက်ဖြူမြို့မှာ ငွေထုတ်ယူခ ငွေတစ်သိန်းကို ကျပ်တစ်ထောင်ဝန်းကျင်သာရှိတယ်လို့လည်း သူက ပြောပါတယ်။
တောင်ကုတ်မြို့မှာလည်း ပုဂ္ဂလိကဘဏ်တွေ ဖွင့်ထားပေမဲ့ ငွေသွင်း၊ ငွေထုတ် မရှိသလောက်ဖြစ်နေတာကြောင့် ပြင်ပမှာပဲ ငွေထုတ်ယူရနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြင်ပအေးဂျင့်တွေမှာလည်း ကျပ်ငွေတစ်သိန်းကို တစ်သောင်းကနေ နှစ်သောင်းအထိ ငွေထုတ်ခ ပေးနေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တိုရဲ့ တိုက်ပွဲတွေအတွင်း လမ်းပန်းဆက်သွယ်ရေးတင်းကျပ်တာနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဘဏ်နဲ့ ငွေကြေး လည်ပတ်စီးဆင်းမှုတွေလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။