စစ်ကောင်စီ လက်နက်ဝယ်ဖို့ ထိုင်းဘဏ်တွေ သုံးခွင့်မပြုကြောင်း ထိုင်းလွှတ်တော်ပြော
2024.07.11

ထိုင်းဘဏ်တွေကို အသုံးပြုပြီး မြန်မာစစ်တပ် လက်နက်ဝယ်ယူတာ မှန်ကန်ခဲ့ရင် လက်ခံမှာမဟုတ်ကြောင်း ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီ ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကော်မတီနဲ့ ထိုင်းဘဏ်လုပ်ငန်းရှင်တွေ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံချိန် အခုလိုပြောခဲ့တာလို့ ရိုက်တာသတင်းမှာ မနေ့က ဖော်ပြပါတယ်။
ထိုင်းဘဏ်လုပ်ငန်းရှင်တွေကတော့ .... မြန်မာစစ်တပ်က လက်နက်တွေ ဝယ်ယူဖို့အတွက် ငွေပေးချေတဲ့အခါ ထိုင်းဘဏ်တွေကို အသုံးပြု-မပြုဆိုတာ စစ်ဆေးနိုင်တဲ့ အခြေအနေမရှိဘူးကြောင်း တုံ့ပြန်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းဘဏ်တွေဟာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာကြပေမယ့် တစ်ဆင့်ခံ ငွေပေးချေတာကို စုံစမ်းစစ်ဆေးဖို့ ခက်ခဲတဲ့အကြောင်း ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းကိုကိုယ်စားပြုပြီး ကရွန် ထိုင်းဘဏ်ဒုတိယဥက္ကဋ္ဌ ပုန်ဆစ် ချိုက်ချွတ်ပေါင်ဆပ်က ကော်မတီကို တင်ပြခဲ့ပါတယ်။
ဒီလို တစ်ဆင့်ခံငွေပေးချေတာကို စုံစမ်းစစ်ဆေးဖို့ ဘဏ်တွေမှာကျွမ်းကျင်သူတွေ မရှိတဲ့အတွက် ဒီအပေါ်မှာ ထိုင်းဘဏ်တွေက စုံစမ်းနိုင်စွမ်း မရှိကြောင်းလည်း သူက ပြောသွားပါတယ်။
ဒါ့အပြင် ထိုင်းဘဏ်တွေအနေနဲ့ ဘယ်လိုအဖွဲ့အစည်းနဲ့ အလုပ်လုပ်ခွင့်မရှိဘူးဆိုတာကို ထိုင်းအစိုးရနဲ့ လွှတ်တော်အမတ်တွေဘက်က တိတိကျကျ သတ်မှတ်ပေးမှပဲ ဘဏ်အားလုံးက လိုက်နာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး ပြီးခဲ့တဲ့ လက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီက စစ်လက်နက်ပစ္စည်းဝယ်ယူတဲ့အခါ ထိုင်းအခြေစိုက်ကုမ္ပဏီတွေဟာ ထိုင်းဘဏ်တွေကို အသုံးပြုပြီး ငွေပေးချေတယ်လို့ ဖော်ပြထားပါတယ်။ ၂ဝ၂၃ ခုနှစ်က အမေရိကန် ဒေါ်လာ သန်း ၁၂ဝ ပေးချေခဲ့ပြီး ၂ဝ၂၂ ခုနှစ်က ဒေါ်လာ သန်း ၆ဝ ပေးချေခဲ့တယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံက ကရွန်ထိုင်း ဘဏ်၊ SCBX ဘဏ်၊ ဘန်ကောက်ဘဏ်၊ TMB သန်ချတ် ဘဏ်နဲ့ ကဆစ်ကွန် ဘဏ် စတဲ့ ဘဏ်တွေဟာ မြန်မာစစ်တပ် လက်နက်ဝယ်ယူရာမှာ အကူအညီပေးနေတဲ့ ဘဏ်တွေဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီဘဏ်ငါးခုလုံးကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူရဲ့တုံ့ပြန်ချက်ရဖို့လည်း ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ဘူးလို့ ဆိုပါတယ်။
ထိုင်းဗဟိုဘဏ်ကတော့ မြန်မာနိုင်ငံက လက်နက်ဝယ်ယူမှုတွေနဲ့ဆက်စပ်နေတဲ့ ငွေပေးချေမှုအားလုံးကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောထားပါတယ်။ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ ရန်ဆီမန် ရုမ်း ကတော့ ထိုင်းနိုင်ငံဟာ စင်္ကာပူနိုင်ငံကို အတုယူသင့်တယ်လို့ ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ထိုင်းဘဏ်တွေကို အသုံးပြုနေတယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပိတ်ဆို့အရေးယူဖို့ ကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။