ကျောက်ဖြူမှာ ဘဏ်တွေပိတ်ထားပြီး လုံခြုံရေးတင်းကျပ်
2024.11.19

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေအားလုံး ပိတ်ထားလိုက်ပြီး မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောပါတယ်။
ကျောက်ဖြူမြို့မှာရှိတဲ့ KBZ၊ CB၊ AGD၊ ဧရာဝတီ၊ ကမ္ဘာ့ရတနာ စတဲ့ ပုဂ္ဂလိကဘဏ်တွေအာလုံး နိုဝင်ဘာလ ၁၅ ရက်နေ့ကစလို့ ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်မှာလည်း ဒေသအခြေစိုက် တပ်ရင်းတွေက မဟုတ်ဘဲ တခြား တိုင်းနဲ့ပြည်နယ်တွေကလာရောက်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြို့လုံခြုံရေးအတွက် အင်အားဖြည့်ထားတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျောက်ဖြူမှာ ပုဂ္ဂလိကဘဏ်တွေ မလည်ပတ်တာတော့ ကြာပြီ။ ပြီးခဲ့တဲ့ ဧပြီလကတည်းကပဲ။ ဖွင့်တော့ ဖွင့်ထားတာပေါ့။ ဒါပေမဲ့ ငွေသွင်း၊ ငွေထုတ်လုပ်လို့မရဘူး။ အခုတော့ လုံးဝပိတ်လိုက်တာပေါ့။ အခုဆိုရင် အစိုးရဘဏ်တချို့လောက်ပဲ ကျန်တယ်။ ကျောက်ဖြူမှာတော့ စစ်ကောင်စီတပ်က အင်အားတွေ အများကြီး တိုးချတာရှိတယ်။ မြို့ကတပ်ရင်းတွေကမဟုတ်ဘဲ တခြားက အင်အားဖြည့်ထားတာ။ အခု လုံခြုံရေးတွေကတော့ ပိုတိုးမြှင့်ထားတာပေါ့"
ကျောက်ဖြူမြို့ဟာ တရုတ်အစိုးရရဲ့ စီမံကိန်းတွေ အဓိကတည်ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကျောက်ဖြူမြို့ရဲ့ အနီးဝန်းကျင်က ရမ်းဗြဲ၊ စနဲ၊ မအီ စတဲ့ မြို့တွေကိုလည်း AA က သိမ်းပိုက်ထားပြီး တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေတာပါ။
ကျောက်ဖြူမြို့ရဲ့ ကုန်းလမ်းထွက်ပေါက်ဖြစ်တဲ့ ကျောက်ဖြူ-ဇင်ချောင်းဂိတ်ကိုလည်း AA ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ကတော့ ရေလမ်းနဲ့ လေကြောင်းကိုပဲ အဓိက အသုံးပြုရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေဟာ မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာကြောင့် မြို့ပေါ်က ဒေသခံတွေလည်း မြို့ကနေ စွန့်ခွာထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့ခံ ဘယ်လောက်များများ နေရပ်စွန့်ခွာထွက်ပြေးသွားလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။