စစ်ကောင်စီ ဓာတုပစ္စည်းသုံးနေမှု စုံစမ်းစစ်ဆေးဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း

RFA Burmese
2024.10.24
စစ်ကောင်စီ ဓာတုပစ္စည်းသုံးနေမှု စုံစမ်းစစ်ဆေးဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
Photo: Permanent Mission of Myanmar to the United Nations

 မြန်မာနိုင်ငံက ပဋိပက္ခဒေသတွေမှာ စစ်ကောင်စီက ဓာတုပစ္စည်းသုံးပြီး တိုက်ခိုက်တာကြောင့် ထိခိုက်တဲ့သူတွေရှိနေပြီး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီက “အခြားအဖျက်စွမ်းအားပြင်း လက်နက်များ” ခေါင်းစဉ်နဲ့ အောက်တိုဘာ ၂၃ ရက်က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်တာပါ။

အဲဒီဓာတုပစ္စည်းတွေကြောင့် လူတွေ ဒဏ်ရာရတာ၊ ယာယီမသန်စွမ်းဖြစ်တာ၊ အာရုံဝေဝါးကြတာ စတဲ့ သက်သေအထောက်အထားတွေ ရှိနေပြီး ဓာတုလက်နက်အသုံးပြုမှု ပိတ်ပင်ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံတွေက စုံစမ်းစစ်ဆေးကြဖို့လည်း တိုက်တွန်းပါတယ်။

၁၉၈ဝ ပြည့်နှစ်လောက်မှာ မြန်မာစစ်တပ်က နိုင်ငံအလယ်ပိုင်းက ထုံးဘိုအနီးမှာ ဆာလ်ဖာဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံ တည်ဆောက်ခဲ့တာကို ၂ဝ၂၁ စစ်အာဏာမသိမ်းခင် တစ်နှစ်အလိုလောက်ကမှ အရပ်သားအစိုးရက သိခဲ့ရတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ဓာတုလက်နက်ထုတ်လုပ်တဲ့ အစီအစဉ်ကို မကြေညာတဲ့အတွက် စာချုပ်ချိုးဖောက်တာဖြစ်ပြီး ဒီကိစ္စကို အခုထိ မဖြေရှင်းနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတစ်ဝန်းမှာ ဓာတုလက်နက်တွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုလာခင် ကြိုတင်ကာကွယ်ဖို့လိုတယ်လို့လည်း ထောက်ပြပါတယ်။

ပြည်သူ့အသက်နဲ့ အနာဂတ်ကိုကယ်တင်နိုင်ဖို့ လက်နက်၊ တိုက်လေယာဉ် လောင်စာဆီ၊ စစ်ဘက်-အရပ်ဘက်သုံးပစ္စည်းတွေနဲ့ ဆက်စပ်နည်းပညာတွေ စစ်ကောင်စီဆီ မရောက်ဖို့ ထိထိရောက်ရောက် အရေးယူဖို့လည်း ဦးကျော်မိုးထွန်းက နိုင်ငံတကာကို မေတ္တာရပ်ခံလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။