ဘဏ်လုပ်ငန်းတွေ စစ်ရေးထောက်ပံ့မှုမရှိဘူးလို့ စစ်ကောင်စီတုံ့ပြန်
2024.07.16
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ တရားဝင် ဘဏ်လုပ်ငန်းတွေက စစ်ရေးထောက်ပံ့နေတယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာလုပ်ခဲ့တဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၅၆ ကြိမ်မြောက် အစည်းအဝေးမှာတင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအရင်ခံစာနဲ့ပတ်သက်လို့ ကန့်ကွက်တဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက် မနေ့က ထုတ်ပြန်ထားတာပါ။
ဒီအစီရင်ခံစာက မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားအပေါ် သက်ရောက်လာပြီး တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုတွေ ဖြစ်လာအောင် တွန်းအားပေးနေတာလို့ တုံ့ပြန်ပါတယ်။
ဒီအပြင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို လျှော့ပေါ့ဖော်ပြတာ၊ အဲဒီအဖွဲ့တွေနဲ့ထိတွေ့ဆက်ဆံဖို့ နိုင်ငံတကာကို တိုက်တွန်းနေတာဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအတွက်လည်း ဆက်လုပ်နေတယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Tom Andrews ရဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီအတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေရရှိဖို့ နိုင်ငံခြားဘဏ်တွေက ဆောင်ရွက်ပေးနေတယ်လို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ခုနစ်နိုင်ငံက ဘဏ် ၁၆ ဘဏ်ဟာ စစ်ကောင်စီ လက်နက်ဝယ်ယူရေးအတွက် ငွေအလွှဲအပြောင်း လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီလက်အောက်က မြန်မာ့စီးပွားရေးဘဏ် (MEB) ကလည်း စစ်လက်နက်ဝယ်ယူရေးအတွက် နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှုပေးဖို့ အဓိက လမ်းကြောင်းတစ်ခု ဖြစ်လာနေတယ်လို့လည်း ဖော်ပြထားပါတယ်။