သီတင်းကျွတ်လပြည့်ညမှာ နောင်ချိုမြို့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ
2024.10.18

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက် သီတင်းကျွတ်လပြည့်ညမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
နောင်ချိုမြို့ ရဲစခန်း၊ နောင်ချိုမြို့အထွက် စစ်ဆေးရေးဂိတ်နဲ့ သဖန်းကိုင်းရွာအနီးက စစ်ဆေးရေးဂိတ် နေရာတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ နောင်ချိုမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိက ချတာက ရဲစခန်းကိုချတာ။ အနီးအနားက အိမ်တွေပါ အတော်ပျက်စီးသွားတယ်။ လူတစ်ယောက် ထိတယ် ခြေထောက် ပြတ်သွားတယ်။ လေယာဉ်နဲ့ သုံးလေးကြိမ်လောက် ဝဲပြီး ကြဲသွားတာ”
လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားနေအိမ် ဆယ်လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုရှိပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ နောက်ထပ် နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ နေ့လယ်ပိုင်းကတည်းက ကင်းထောက်လာ ဝဲနေတာ။ မြို့ခံတွေက နေ့လယ်ကတည်း က လေယာဉ်လာမှာထင်လို့ ဗုံးခိုကျင်းတို့ မြို့အပြင်နေရာတွေမှာ သွားအိပ်ကြတာ။ ညကျတော့ ထင်တဲ့အတိုင်းပဲလာ ကြဲတယ်။ ကျွန်တော်မှတ်ထားတာဆို ကိုးကြိမ်တိတိ ကြဲသွားတာ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ တစ်ယောက် ခြေထောက် ထိတယ်လို့ပဲ သိရသေးတယ်။ ကျန်တာတော့မသိရသေးဘူး”
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ TNLA ပြောခွင့်ရသူ လွေးယေဦးတို့ကို ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ဇူလိုင် ၁၀ ရက်နေ့မှာ နောင်ချိုမြို့ အမှတ်-၆၀၆ ဒုံးတပ်ရင်းကို TNLA နဲ့ MDY-PDF ၊ ဓနု-PDF ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက် နောင်ချိုတစ်မြို့လုံးကိုထိန်းချုပ်ထားတာပါ။
နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာ တောင်ခမ်းရွာမှာ ရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းတွေကိုတော့ TNLA နဲ့ မဟာမိတ်အဖွဲ့တွေက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့ကတော့ စစ်ကောင်စီတပ်က တောင်ခမ်းရွာအနီး စစ်ကောင်စီတပ်စခန်း နေရာတွေကို Y-12 လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့သလို အနီးအနားက တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ နေရာတွေကိုလည်း လေကြာင်းနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။