စစ်အစိုးရ ကန့်သတ်ချက်ကြောင့် KIO ရိက္ခာအခက်ခဲရှိလာ

နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကိစ္စ ငြင်းပယ်လိုက်တဲ့ နောက်ပိုင်း စစ်အစိုးရက KIO ကချင် လွတ်မြောက်ရေးအဖွဲ့အပေါ် သွားလာခွင့် နယ်မြေတွေ ကန့်သတ် ပိတ်ပင်လိုက်တာကြောင့် ရိက္ခာသယ်ယူရေး လမ်းကြောင်းတွေမှာ အခက်အခဲ ရှိလာတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဆင်ဟွာက RFA ကို ဒီကနေ့ ပြောပါတယ်။

2010.09.19
kachin_parade_305_z KIO အဖွဲ့ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင် စစ်ရေးပြနေသော KIA တပ်ဖွဲ့ဝင်များပုံ
Photo: kachinstate.com

“သူတို့ ပြောတုန်းကတော့ ကြိုတင်ခွင့်ပြုချက် တောင်းခံပြီးမှ သွားပါ ပြောတယ် ဒါပေမယ့် လက်တွေ့မှာတော့ အခု ခွင့်ပြုချက် မပေးဘူး။ သွားလာမှုကို ခွင့်မပြုတဲ့ အနေအထား ရှိတာပေါ့။ မြောက်ဘက်ပိုင်းတို့ ဘာတို့မှာတော့ နည်းနည်း ယာဉ်အသွားအလာ ရိက္ခာပို့ဆောင်မှု အပိုင်းမှာ ကန့်သတ်လာတဲ့ အပိုင်း ရှိပါတယ်”

KIO အဖွဲ့ဝင်တွေဟာ လောလောဆယ် ထိန်းချုပ်နယ်မြေ အပြင်ဘက်ကို သွားရောက်တဲ့အခါ တောလမ်းတွေကိုပဲ အားထားနေရတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း KIA  ကချင် လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်နယ်မြေအနီးမှာ စစ်အစိုးရဘက်က တပ်တွေ တိုးချလာတဲ့အတွက် စစ်ဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ KIA တပ်တွင်းမှာလည်း စစ်ရေးပြင်ဆင်မှု ရှိပေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို KIO ဘက်က စတင် ဖောက်ဖျက်မှာ မဟုတ်ဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဆင်ဟွာက ပြောပါတယ်။

“စစ်ပွဲဖြစ်မယ့် အလားအလာ ဆိုတာတော့ အစိုးရဘက်မှာပဲ မူတည်တယ်လေ။ ကျနော်တို့ မူကတော့ ရရှိထားတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ဘက်က စပြီး ဖောက်ဖျက်တာမျိုး၊ ငြိမ်းချမ်းရေး ပျက်စီးအောင် လုပ်တာမျိုး မလုပ်ဘူးဆိုတာ ကျနော်တို့မှာ ခံယူချက်ရှိပါတယ်”

KIO အဖွဲ့ဟာ ၁၉၆၁ ခုနှစ်က ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားခဲ့ပါတယ်။ KIO အပေါ် ထိန်းချုပ်ကန့်သတ်မှုတွေနဲ့ ပတ်သက်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဆင်ဟွာ ကို ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။