အမ်းမြို့နယ် စစ်ဆေးရေးဂိတ်မှာ မွတ်စလင် ၁၀ ဦး ဖမ်းဆီးခံရ

2022.04.01
အမ်းမြို့နယ် စစ်ဆေးရေးဂိတ်မှာ မွတ်စလင် ၁၀ ဦး ဖမ်းဆီးခံရ ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံမြင့်ကန်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် မွတ်စလင် ၁၀ ဦးကို တွေ့ရစဉ်
ဓါတ်ပုံ-ရခိုင်နေ့စဉ်
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ မတ်လ ၃၁ ရက်နေ့ မနေ့က ညနေပိုင်းမှာ မွတ်စလင်အမျိုးသား လေးဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့ အမ်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က RFA ကို ဒီကနေ့ ပြောပါတယ်။
 
စစ်တွေမြို့ကနေ ထွက်ခွာလာတဲ့ ကစ္ဆပနဒီ ခရီးသည်တင်ယာဉ်ရဲ့ ကုန်ပစ္စည်းတွေထားတဲ့ အခန်းထဲက နေ ဖမ်းဆီးမိတာပါ။
 
ဖမ်ဆီးရမိတဲ့ မွတ်စလင်တွေကို လဝကဥပဒေ ပုဒ်မ-၁၃(ခ) နဲ့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပြီး သူတို့ကို သိုဝှက် တင်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုလည်း အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ပြောပါတယ်။
 
“သူတို့ကို စစ်တွေ၊ ရန်ကုန်သွားတဲ့ ကားပစ္စည်းတွေထားတဲ့အခန်းက ဖမ်းမိတာပါ။ ဒီနေ့မနက်ကတော့ ကျနော် လဝကရုံးကို သွားကြည့်တော့ သူတို့ကို ဥပဒေပိုင်းအရ အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေပါတယ်”
 
ဖမ်းဆီးရမိတဲ့ မွတ်စလင်တွေနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။
 
မွတ်စလင်တွေဟာ ဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေမှာ အလုပ်အကိုင် အဆင်မပြေကြတာကြောင့် ရန်ကုန်၊ မန္တလေးနဲ့ ပြည်ပနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်း စတဲ့ နိုင်ငံတွေကို သွားရောက်လေ့ရှိပါတယ်။
 
အလို ဖမ်းဆီးအရေးယူတာ မဖြစ်သင့်ဘူးလို့ ဘူးသီးတောင်မြို့နယ်က မွတ်စလင်တစ်ဦးက RFA ကို ပြော ပါတယ်။
 
“ဒါက လူမဆန်တဲ့လုပ်ရပ်ပါပဲ။ ဘာကြောင့်လဲဆိုရင် သူတို့က ဒုက္ခသည်စခန်းတွေ၊ မိမိရပ်ရွာတွေမှာ အလုပ် အကိုင်တွေ အဆင်မပြေလို့၊ မနေချင်တော့လို့ အဆင်ပြေမယ့်နေရာကို သွားကြတာလေ။ ဒါကို အခုလိုတော့ မလုပ်သင့်ပါဘူး။ ကျနော်တို့ဟာ မြန်မာနိုင်ငံမှာမွေးပြီး မြန်မာနိုင်ငံမှာပဲ ကြီးလာတာပါ။ တခြားနိုင်ငံကလာတာ မဟုတ်ဘူး။ ကျနော်တို့လူမျိုးတွေကိုလည်း တခြားလူမျိုးတွေလို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးစေချင်ပါတယ်”
 
ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်ကလည်း မာန်သစ္စာကားပေါ်ကနေ မွတ်စလင် လေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီ့အပြင် သူတို့ကိုတင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၆၇ နဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။